ထိုင်းဘက်ခြမ်းရှိ လေးကေ့ကော်စစ်ဘေးရှောင် တချို့ ယနေ့ နေရပ်ပြန်၊ လေးကေ့ကော်နယ်မြေ လုံးဝစိတ်ချရသည့်အခြေအနေ မရှိသေးဟု အုပ်ချုပ်ရေးမှူး ပြော

ပုံစာ-မြန်မာ၊ ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း၌ မြန်မာစစ်ရှောင်တချို့ ခိုလုံနေကြစဥ်

ဇန်နဝါရီလ ၁၈ ၊ ၂၀၂၂ ခုနှစ် ။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲ့ကိုကင်းရွာ   စစ်ရှောင်စခန်း၌ ခိုလုံနေသူ တချို့ ယနေ့ ဇန်နဝါရီလ ၁၈ရက် နံနက်ပိုင်းတွင် နေရပ်ပြန်ခဲ့ကြသည်ဟု သိရသည်။ 

အဆိုပါစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်နှင့် ညှိနှိုင်းထားသည့် စစ်ရှောင်စခန်း တာဝန်ရှိသူများက ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်တွင် နေရပ်ပြန်နိုင်ကြောင်း လိုက်လံ ကြေညာခဲ့ပြီးနောက် ယနေ့တွင် စစ်ဘေးရှောင်တချို့ နေရပ်ပြန်ကြခြင်း ဖြစ်သည်ဟု သိရသည်။

" အခြေအနေတွေကကောင်းနေပြီ ။ နင်တို့ပြန်လို့ရတယ် ။ နင်တို့အိမ်တွေကိုသူများတွေတက်နေအုံးမယ် ။ ပြန်ချင်ရင် စာရင်းလာပေး ။ ပြန်ချင်ရင် ပြန်ပို့ပေးမယ်တဲ့"ဟု တာဝန်ရှိသူများလိုက်ပြောကြောင်းကို မဲ့ကိုကင်းစစ်ရှောင်စခန်းအတွင်း ခိုလုံနေသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။ 

မဲ့ကိုကင်းစခန်းတာဝန်ရှိသူများက နေရပ်ပြန်နိုင်ကြောင်း ပြောဆိုရာ၌ အတင်းအကြပ်ဖိအားပေးမှုမျိုးမရှိသော်လည်း စစ်ရှောင်များ နေရပ် ပြန်သွားစေချင်လာရန် စည်းရုံးပြောမှုရှိသည်ဟု သိရသည်။

" မပြန်လည်း ဒီမှာဆက်နေလို့ရတယ်ပေါ့။ တကယ်လို့ပြန်ချင်လည်း လူကြီးတွေ နေခဲ့ပြီး လူငယ်တွေ အခြေအနေ အရင်ပြန်ကြည့်ကြပေါ့တဲ့ "ဟု တာဝန်ရှိသူများပြောကြောင်းကို မဲ့ကိုကင်း စစ်ရှောင်စခန်းအတွင်း ခိုလုံနေသူတစ်ဦးက ပြောသည်။

ထိုသို့စည်းရုံးပြောဆိုမှုများကြောင့် ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်တချို့ နေရပ်ပြန်ကြပြီး စစ်ရှောင်စခန်းတွင်းကန့်သတ်ထားသည့်အခြေအနေကြောင့် နေရပ်ပြန်စာရင်းအတိအကျကို မသိရှိရနိုင်ဟု ယင်းက ဆက်လက်ပြောကြားသည်။ 

အဆိုပါနေရပ်ပြန်သူများမှာ မြဝတီမြို့လမ်းကြောင်းကြောင်းမှ ပြန်ဝင်ကြရကြောင်းသိရပြီး ယခင်နေရပ်ပြန်သူတချို့လည်း အဆင်မပြေ ဒုက္ခရောက်ကြရသည်ဟု လေးကေ့ကော်အုပ်ချုပ်ရေးမှူး ဦးစောဌေးမြင့်အောင်က ပြောသည်။ 

" မြဝတီဘက်ကပြန်လို့ အဆင်မပြေဘူးလေ ။ မြဝတီကနေ ပို့လိုက်တဲ့ မဲ့ထော်သလေး ၊ ဘဲဟိကလော်အဖွဲ့တွေက အကုန်ဒုက္ခရောက်နေကြရတယ်။ ရွာထဲရောက်တော့ စစ်သားကပေးမဝင်ဘူး " ဟု ၎င်းကပြောသည်။

လေးကေ့ကော်အနီး ဖလူးကြီးကျေးရွာရှိ စစ်ဘေးရှောင်တချို့သည်လည်း စစ်တပ်၏ဖိအားပေးမှုကြောင့် ယခုရက်ပိုင်းအတွင်းနေရပ်ပြန်သွားခဲ့ကြရာ ပြန်ထွက်၍ မရဘဲ ပိတ်မိနေသည့် အခြေအနေ၌ ရှိနေသည်ဟု ဒေသခံများထံမှသိရသည်။ 

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဖလူးကြီး စစ်ဘေးရှောင်(မြန်မာဘက်ခြမ်း) နှင့် ထိုင်းဘက်ခြမ်းတို့မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့နေသည့် အခြေအနေကို စစ်ကောင်စီတပ်နှင့် ထိုင်းဘက်ခြမ်းစစ်ရှောင်စခန်းတာဝန်ရှိသူများက လုပ်ဆောင်နေပြီး လေးကေ့ကော်မြို့ တာဝန်ရှိသူများထံ ညှိနှိုင်းပြောဆိုခြင်း မရှိဟု သိရသည်။

" အ​ခြေအနေက ဘယ်လိုမှ ပြန်လို့မရဘူး။ ဒါသူတို့သက်သက် သတင်းအမှားလွှင့်တာပဲ ။ ရွာထဲမှာ အခုထိ မိုင်းကိစ္စတွေ နယ်မြေ ရှင်းလင်းရေးတွေ ဘာမှ မလုပ်ရသေးဘူး ။ အထဲမှာ စစ်တပ်ပဲ ရှိနေတာ "ဟု ဦးစောဌေးမြင့်အောင်က ပြောသည်။ 

လေးကေ့ကော်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ဘေးရှောင်များ နေရပ်ပြန်လိုပါက  မြဝတီမြို့ဘက်လမ်းကြောင်းမဟုတ်ဘဲ ကျောက်ခက်၊ သေ့ဘောဘိုး ဘက်တို့မှ ပြန်လာကြရန် ပြောဆိုထားသော်လည်း စစ်ကောင်စီတပ်နှင့် ညှိနှိုင်းထားသည့် ထိုင်းစစ်ရှောင်စခန်းဘက်က အဆိုပါလမ်းကြောင်းများမှ ပြန်ခွင့်မပြုကြောင်း သိရသည်။

လေးကေ့ကော်မြို့သစ် နှင့် လေးကေ့ကော်အနီးရွာများ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် လေးကေ့ကော်မြို့အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူ ၂၂၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ကြရသည်ဟု လေးကေ့ကော်အုပ်ချုပ်ရေးမှူး ဦးစောဌေးမြင့်အောင်က ပြောသည်။

စစ်ဘေးရှောင်တချို့ ကိုယ့်အစီအစဥ်ဖြင့် ရှောင်နေကြပြီး နေရပ်ပြန်တချို့ရှိနေသည့်အပြင် စစ်ဘေးရှောင်များမှာ ပြန့်ကျဲနေသောကြောင့် လက်ရှိ ကျန်ရှိနေသော စစ်ဘေးရှောင် အရေအတွက် အတိအကျကို စာရင်းပြုစုနိုင်ရန် ခက်ခဲနေသည်ဟု ၎င်းကပြောသည်။

လေးကေ့ကော်မြို့သစ်နှင့် လေးကေ့ကော်အနီးကျေးရွာများတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတစ်လကျော်လာသည့်အချိန်တွင် စစ်ကောင်စီတပ်များက အဆိုပါနေရာအားလုံး၌ တပ်စွဲထား၍ နယ်မြေစိုးမိုးထားလျက်ရှိနေသည်။


သံလွင်ခက် - Than Lwin Khet News

ထိုင်းဘက်ခြမ်းရှိ လေးကေ့ကော်စစ်ဘေးရှောင် တချို့ ယနေ့ နေရပ်ပြန်၊ လေးကေ့ကော်နယ်မြေ လုံးဝစိတ်ချရသည့်အခြေအနေ မရှိသေးဟု အုပ်ချုပ်ရေးမှူး ပြော ထိုင်းဘက်ခြမ်းရှိ လေးကေ့ကော်စစ်ဘေးရှောင် တချို့ ယနေ့  နေရပ်ပြန်၊ လေးကေ့ကော်နယ်မြေ လုံးဝစိတ်ချရသည့်အခြေအနေ မရှိသေးဟု အုပ်ချုပ်ရေးမှူး ပြော Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.