ကယားပြည်နယ်နေ့အခမ်းအနားသို့ မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာအပေါ် ဒေသခံတို့၏တုံ့ပြန်မှုများ

Photo : CJ

လွိုင်ကော်၊ ဇန်နဝါရီ ၁၅

ယနေ့ကျရောက်သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ "ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး  ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်သူများ ဖြစ်ကြပါစေ၊  ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက် ဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ   အကျိုးစီးပွားတိုးတက်မြင့်မားရေးကို ဝိုင်းဝန်းဖော်ဆောင် နိုင်ကြပါစေကြောင်း"စသည့် ဆုတောင်းစကားများပါဝင်သည့် သဝဏ်လွှာကို ကယားပြည်နယ်တွင် လူသတ်အကြမ်းဖက်မှုများ ပြုလုပ်နေသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့ခဲ့သည်။ 

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်က ကယားပြည်နယ်နှင့် ပတ်သက်ပြီးပြောကြားမှုအပေါ် ‌ဒေသခံတော်လှန်ရေးတပ်များနှင့် ဒေသခံပြည်သူများ၏ အမြင်များကို စုစည်းတင်ပြလိုက်ပါသည်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး )

● ကျွန်တော်တို့က အစက အေးအေးချမ်းချမ်း ဆန္ဒပြနေတာပါ။ နောက်ကျတော့ သူတို့(အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်)တွေက အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းလာတော့ လက်နက်ကိုင်တော်လှန်မှ ရတော့မယ့်ဆိုပြီး တွေးပြီး စတော်လှန်လာခဲ့တာပါ။ ကျွန်တော်တို့ရည်ရွယ်ချက်ကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်လာရေးအတွက် တော်လှန်နေတာပါ။

အခုအကြမ်းဖက်မှုတွေ တွေ့ခဲ့တာ အများကြီးပဲ။ သူတို့(အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်) တွေက ကယားပြည်နယ်တင်မဟုတ်ပါဘူး။ အခြားမြို့နယ်ရွာတွေမှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးတာတွေ၊ ဖမ်းပြီးမှ လက်လွန်ပြီးသေတာတွေရှိပါတယ်။ သူတို့ သိပါတယ် သူတို့လုပ်ရပ်တွေကို။ သူတို့က ကျွန်တော်တို့က အကြမ်းဖက်နေတာမဟုတ်ဘူးပြောမှာပဲ။ သူတို့က ကျွန်တော်တို့ကို အကြမ်းဖက်လို့ သတ်မှတ်တယ်။ တစ်ကယ်တော့ ကျွန်တော်တို့က အကြမ်းဖက်ခံရနေတာကို တော်လှန်နေရတာပါ။

မင်းအောင်လှိုင်လည်း သိပ်မကြာတော့ပါဘူး။ သူရဲ့ဇာတ်သိမ်းက လာတော့မှာ။ အခု ကျွန်တော်တို့ပြည်နယ်အတွက် တော်လှန်နေတယ်။ ကယားပြည်ငြိမ်းချမ်းပြီးတာနဲ့ အခြားပြည်နယ်တွေနဲ့ပါ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကိုသူး (PDF - ဒီးမော့ဆို ‌)

● အကြမ်းဖက်မှုတွေကို ဘယ်သူတွေလုပ်ဆောင်နေတယ်ဆိုတာ ပြည်သူတွေက သိပါတယ်။ PDF တွေလုပ်တာလား၊ သူ (အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်) တွေကလုပ်တာလား ဆိုတာ။   အကြမ်းဖက်စစ်ကောင်စီက စပြီး ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ စလုပ်လာတာ။ ကျွန်တော်တို့ကို သူတို့က လာပြီး ပြန်စွပ်စွဲနေတာပါ။

ပြည်သူတွေ ဒုက္ခရောက်အောင် ဘယ်သူက လုပ်နေလဲဆိုတာ အားလုံးသိပါတယ်။ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့က လုပ်ဆောင်တာမရှိပါဘူး။ကယားပြည်နယ်မှာဆို အကြမ်းဖက်ကျုးလွန်မှုတွေက အများကြီးပါ။ မြို့ထဲမှာလျှောက်ပစ်ခတ်တယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်။ သူတို့ဘယ်လောက် အောက်တန်းကျတယ်ဆိုတာ ပြောတောင်မပြောချင်တော့ပါဘူး။ 

ကျွန်တော်တို့အနေနဲ့ ကယားပြည်နယ်မှာ အဆုံးစွန်ထိ တိုက်ထုတ်သွားမှာပါ။ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်လူငယ်တွေအတွက် တော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်။ တာဝန်ကျေဖို့လည်း ကျွန်တော်တို့က ဆက်လုပ်သွားမယ်။ အကြမ်းဖက်စစ်ကောင်စီက  ငြိမ်းချမ်းရေးညှိနှိုင်းတာကို လုံးဝလက်မခံပါဘူး။

လွိုင်ကော်မြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦး 

● အကြမ်းဖက်မှုက အာဏာသိမ်းစစ်တပ်ကပဲ လုပ်တာပါ။ ကယားဒေသခံတွေ တော်လှန်ရေးတပ်သားတွေကို ဘယ်လိုလုပ်မှာလဲ။ ကျွန်တော်တင်မဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံး အကုန်လုံးကလည်း လက်နက်ကြောင့် မတွန်းလှန်နိုင်သေးလို့သာမပြောကြတာ။ အားလုံးက စစ်အာဏာရှင်လက်အောက်မှာ ဘယ်သူမှ မနေချင်ကြပါဘူး။ 

အခု ပွင့်ပွင့်လင်းလင်းပြောရရင် ကယားမှာ သူတို့(အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ပါးစေ) တွေက မျက်လုံးထဲ အမြင်မတော်တာနဲ့ ဒေသခံပြည်သူတွေကို ဟောက်တယ်၊ ရိုက်တယ်၊ လမ်းလယ်ခေါင်ထိုင်ခိုင်းတယ်။ ပြီးတော့ ဟို့နေ့က စစ်ဘေးရှောင်ဖို့ ပြေးရတဲ့နေ့ကဆိုရင် ပြည်သူတစ်ယောက်ကို ပစ်သတ်ထားတယ်။

အခုဆို အပြင်သိပ်မထွက်ရဲဘူး။ ပစ်သတ်ခံရမှာ ကြောက်နေကြတယ်။ မင်းအောင်လှိုင်က သူ့မိသားစု ကောင်းစားဖို့အတွက်နဲ့ နိုင်ငံတော်ကိုချနင်းခဲ့တာပါ။ သူရဲ့ လက်အောက်ခံကောင်(စစ်ကောင်စီလက်ပါးစေ)တွေ အတွက်တောင် မင်းအောင်လှိုင်က ကြည့်တာမဟုတ်ပါဘူး။" 

ကိုဇူလိုင် (နွေဦးရောင်ခြည် ရှမ်းကယားနယ်စပ် ကူညီ‌ထောက်ပံရေး) 

● အဓိကကတော့ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေအချင်းချင်းရန်တိုက်ပေးချင်လို့ သူ(မင်းအောင်လှိုင်) က အဲ့လို့တွေလျောက်ပြောနေတယ် လို့မြင်တယ်။ အခု ကယားပြည်မှာ အပြစ်မဲ့ပြည်သူတွေ ထွက်ပြေးနေရတယ်။ စစ်ဘေးရှောင်နေရတယ်။ ဘယ်သူကြောင့်လဲ အားလုံးသိပါတယ်။ 

အခုကယားပြည်ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်း ပစ်ခတ်နေတာကြောင့် ထွက်ပြေးနေရတာလေ။ အဲလိုတွေအကြမ်းဖက်နေတာ အကြမ်းဖက်စစ်ကောင်စီတပ်ပါဘဲ။ နိုင်ငံတကာအဖွဲ့စည်းတွေရော အားလုံး သိကြပါတယ်။ ကယားပြည်နယ်မှာ ဖြစ်နေတာ ဘယ်သူလက်ချက်လဲဆိုတာ။


Lu Nge Khit

ကယားပြည်နယ်နေ့အခမ်းအနားသို့ မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာအပေါ် ဒေသခံတို့၏တုံ့ပြန်မှုများ ကယားပြည်နယ်နေ့အခမ်းအနားသို့ မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာအပေါ် ဒေသခံတို့၏တုံ့ပြန်မှုများ Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.