ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟုဆို


တီးတိန် - ဇန်နဝါရီ ၂၁၊ ၂၀၂၂။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ယန်ဇင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် နှစ်နာရီခန့်က ချင်းဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးသွားကြောင်းသိရသည်။

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်းမှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများလည်းများပြားခဲ့ကြောင်း PDF-Zoland ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲ့မှာတပ်စွဲထားတာ သုံးပတ်လောက်တော့ရှိပြီ။ ဒီမနက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ သွားတိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး ၁၅ ဦးလောက်တော့ ကျပြီး ဒဏ်ရာရသူတွေလည်း များတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ လက်ထိပေမယ့် စိုးရိမ်စရာတော့ မရှိဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူသည် Kalay PDF တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သူက ပြောသည်။

စစ်ကောင်စီတပ်ကို ချင်းဒေသခံပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CDM Siyin၊ PDF Zoland၊ Zogam Army၊ CDF၊ CNA၊ Kalay PDF တပ်ရင်း ၃၊ တပ်ရင်း ၈ နှင့် တပ်ရင်း ၉ စသည်တို့ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့ဘက်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ယန်ဇင်ကျေးရွာတွင် တပ်စွဲနေသည်။

လွန်ခဲ့သော သုံးရက်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စခန်းသို့  လေထီးဖြင့် ဆင်းသက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လေထီးမပွင့်သောကြောင့် သေဆုံးသွားခဲ့သည်။


The 74 Media 

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟုဆို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.