လွိုင်ကော်တွင် ဦးခေါင်းတွင်ပစ်ခတ်ခံထားရသော ရုပ်အလောင်း နှစ်လောင်းတွေ့ရှိ


လွိုင်ကော် - ဇန်နဝါရီ ၂၁ ၊ ၂၀၂၂ ။

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားရုပ်အလောင်း နှစ်လောင်းကို ယနေ့ မွန်းလွှဲ ၁၂နာရီခွဲအချိန်ခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။ 

အဆိုပါ အမျိုးသားနှစ်ဦး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများတွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် သုံးရက်ခန့်က သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့ကို သင်္ဂြိုလ်ပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လူနှစ်ယောက်က အိမ်မကြီးရဲ့ ဘေးနားမှာ မီးဖိုချောင်နားမှာ နှစ်ယောက်လုံးက ဆုံးနေတယ်ပြောတယ်။ ကျွန်တော်တို့သွားကြည့်တော့ နှစ်ယောက်စလုံးမှောက်နေတာ။ တစ်ယောက်က မျက်စိနားကနေ အနောက်ကို ထိသွားတယ်။ နောက်တစ်ယောက်က ပါးစပ်က ပွင့်သွားတယ်။ တော်တော်တော့ များတယ်” ဟုပြောသည်။

သေဆုံးနေသူ နှစ်ဦးမှာ အသက် ၄၀ ကျော် အရွယ် ဦးမင်းထွေးနှင့် ကိုပြုံးချိုတို့ဖြစ်ကြောင်း သူကပြောသည်။

ရုပ်အလောင်းတွေ့ရှိခဲ့သည့် ဒေါဥခူရပ်ကွက်တွင်  တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့က ယေဇူး ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းအပါအဝင် လူနေအိမ်အများအပြားပျက်စီးခဲ့ပြီး ဒေသခံရှစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။


The 74 Media

လွိုင်ကော်တွင် ဦးခေါင်းတွင်ပစ်ခတ်ခံထားရသော ရုပ်အလောင်း နှစ်လောင်းတွေ့ရှိ လွိုင်ကော်တွင် ဦးခေါင်းတွင်ပစ်ခတ်ခံထားရသော ရုပ်အလောင်း နှစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.