ဝက်လက် ညောင်ပင်ကြီးတောရွာ လေကြောင်းမှ ပစ်ခတ်ခံရမှု ဒေသခံနှစ်ဦး ထက်မနည်း သေဆုံး၊ အကြမ်းဖက် စစ်ကောင်စီက ဝက်လက်နယ်အတွင်း ရွာများကို ဆက်လက်မွှေနှောက်သောင်းကျန်းနေ၊


ဇန်နဝါရီ - ၄

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို အကြမ်းဖက် စစ်ကောင်စီက ဇန်နဝါရီ(၃)ရက် နေ့လည်ပိုင်းတွင် ရဟတ်ယာသ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက် ဗုံးကျဲခဲ့ရာ ဒေသခံ အရပ်သားပြည်သူ နှစ်ဦး ထက်မနည်း သေဆုံးကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။

“မနေ့က လေယာဉ်တွေနဲ့ ဗုံးလာကျဲတော့ ဆုံးတာပေါ့။ နှစ်ဦးသေတယ်။ အခုထိ အလောင်းတွေက မကောက်နိုင်သေးဘူး။ ရွာထဲမှာလည်း စစ်ခွေးတွေက တပ်စွဲထားတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

ဇန်နဝါရီ(၃)ရက် နေ့လည်ပိုင်းက ဝက်လက်မြို့နယ် အရှေ့ပိုင်းရှိ ညောင်ပင်ကြီးတောရွာသို့ အကြမ်းဖက် စစ်ကောင်စီက ရဟတ်ယာဉ် လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက် ဗုံးကျဲခဲ့သလို လက်နက်ကိုင်များကို ချပေးပြီး ကျေးရွာအတွင်း စီးနင်းဝင်ရောက်ကာ မွှေနှောက်လုယက်ကြောင်း၊ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး ရွာသူရွာသား နှစ်ဦး သေဆုံးခြင်း ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များသည် ညောင်ပင်ကြီးတောရွာအတွင်း ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း လုယက်နေသလို ယနေ့ ဇန်နဝါရီ(၄)ရက် မနက်ပိုင်းတွင် အနီးအနားရှိ ပေါက်ကန်ကျေးရွာသို့ ဆက်လက်စီးနင်းဝင်ရောက်ကာ မွှေနှောက်လုယက် သောင်းကျန်းနေသည်ဟု ဒေသခံများက MFP သို့ ပြောသည်။

“ပေါက်ကန်ရွာမှာ အကြမ်းဖက် စစ်‌ကောင်စီ တပ်သား ၅၀ လောက် တပ်စွဲသွားပါသည်။ မနေ့က ညောင်ပင်ကြီးတောရွာ ယက္ကန်းတောင်ကျောင်းမှာ တပ်စွဲထားပြီး ယခုထိလည်း တပ်စွဲထားသည်ဟု ယူဆရပြီး စုစုပေါင်း နေရာ နှစ်နေရာ တပ်စွဲထား။ ညောင်ပင်ကြီးတော၊ ပေါက်ကန်ရွာ ဝန်းကျင် ဒေသခံတွေကလည်း ယခုအချိန် ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ယခုအချိန်တွင် ဝက်လက်အရှေ့ခြမ်း ပေါက်ကန်ရွာ ဝန်းကျင်ကို ခွေးနှင့်ပျူများ အခြေရှုပ်နေ” ဟု ဝက်လက်သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အကြမ်းဖက် စကစများ စီးနင်းဝင်ရောက်နေသော ညောင်ပင်ကြီးတောရွာနှင့် ပေါက်ကန်ရွာများတွင် နေအိမ်များ မွှေနှောက်ဖျက်ဆီး လုယက်ခံနေရသော်လည်း စကစများ ကျေးရွာအတွင်း ရှိနေဆဲဖြစ်၍ အရေအတွက် အတိအကျ မသိရသေးဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဗျူဟာလမ်းတစ်ကြောတွင် ရေကြောင်း ၊ လေကြောင်း ၊ ကုန်းကြောင်းမှ  အင်အားအများအပြား စေလွှတ်၍ နေရာယူထားကြောင်း၊ ဝက်လက်အရှေ့ခြမ်းတွင် ခွေးနှင့်ပျူများ အခြေရှုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ပါသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ ရှိကြရန်၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက သတိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကလေးမြို့နယ် နတ်ချောင်းရွာ၊ ရေဦးမြို့နယ် ရေမျက်ရွာ၊ ကန့်ဘလူမြို့နယ် ကန်စွန်းအင်းရွာ၊ တန့်ဆည်မြို့နယ် လိပ်ခြံရွာ၊ ဒီပဲယင်းမြိုကနယ် ညောင်လှရွာ စသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲခဲ့သဖြင့် ဒေသခံအရပ်သားပြည်သူ (၃၀)ကျော် သေဆုံးခဲ့သည်။




အကြမ်းဖက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲသဖြင့် သေဆုံးခဲ့သည့် ညောင်ပင်ကြီးတောရွာ ဒေသခံများ/ Photo – CJ


Mandalay Free Press - MFP

ဝက်လက် ညောင်ပင်ကြီးတောရွာ လေကြောင်းမှ ပစ်ခတ်ခံရမှု ဒေသခံနှစ်ဦး ထက်မနည်း သေဆုံး၊ အကြမ်းဖက် စစ်ကောင်စီက ဝက်လက်နယ်အတွင်း ရွာများကို ဆက်လက်မွှေနှောက်သောင်းကျန်းနေ၊ ဝက်လက် ညောင်ပင်ကြီးတောရွာ လေကြောင်းမှ ပစ်ခတ်ခံရမှု ဒေသခံနှစ်ဦး ထက်မနည်း သေဆုံး၊  အကြမ်းဖက် စစ်ကောင်စီက ဝက်လက်နယ်အတွင်း ရွာများကို ဆက်လက်မွှေနှောက်သောင်းကျန်းနေ၊ Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.