ကရင်အချင်းချင်း မတိုက်လိုသော်လည်း စစ်ကောင်စီကို ဆက်ကူညီနေပါက ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု KNU တပ်မဟာ(၅)ထုတ်ပြန်
(BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် စစ်ကောင်စီတပ် တာဝန်ရှိသူတို့ အတူတွေ့ရစဥ်) |
ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များအနေဖြင့် လာမည့် ဇန်နဝါရီ ၁၅ရက်မှစ၍ စစ်ကောင်စီကို ပူးပေါင်းကူညီပံ့ပိုးခြင်းမပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး ဆက်လက်ပံ့ပိုးနေပါက ကရင်အချင်းချင်း မတိုက်လိုသော်လည်း ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ ကရင်BGFအနေဖြင့် စစ်ကောင်စီခိုင်းစေသည့်အတိုင်း လုပ်ဆောင်နေကြောင်း၊ ဇန်နဝါရီ ၁၅ရက်မှစ၍ ကရင်BGFတပ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များအား လုံး၀ ပူးပေါင်းကူညီပံ့ပိုးခြင်းမပြုရန်၊ လမ်းလုံခြုံရေး၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များအား ၀ိုင်းဝန်း ကူညီတာဝန်ယူပေးခြင်းများ မပြုလုပ်ရန် တပ်မဟာ (၅)က ထုတ်ပြန် သည်။
ကရင် BGF များအနေဖြင့် ကရင်လူထုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကျိုးကို ရှေးရှု၍ တိုင်းပြည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များကို ၀ိုင်းဝန်းကူညီပံ့ပိုးမှု မပြုဘဲ မိမိတို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စခန်းများတွင်သာ အေးချမ်းစွာ နေထိုင်ပြီးသွားလာလှုပ်ရှားရန် အသိပေးထားသည်။
အကယ်၍ BGFများသည် ကရင်လူထု တစ်ရပ်လုံးနှင့် မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကျိုးကို လျစ်လျူရှုပြီး တိုင်းပြည်အာဏာသိမ်းစစ်အာဏာရှင် စစ်ကောင်စီ အဖွဲ့၏ အကျိုးကိုသာရှေ့ရှု၍ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များအား ဆက်လက် ၀ိုင်းဝန်းကူညီပံ့ပိုးနေမည်ဆိုလျှင်ကရင်လူမျိုးအချင်းချင်းဖြစ်သည့် ကရင် BGF တပ်များအား မတိုက်ခိုက်ချင်သော်လည်း ၎င်းတို့ကို တိုင်းပြည်အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် စာရင်းတစ်ခုထဲတွင်ထား၍ တပ်မဟာ(၅) ဒေသအတွင်း မည်သည့် နေရာမဆို တိုက်ခိုက်ရတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ကျေးရွာနေ ပြည်သူများဖြစ်သည့် ကျေးရွာသူ ၊ကျေးရွာသားများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တပ်များနှင့် လုံး၀ရောနှောနေထိုင်ခြင်း ၊ ရေနှော သွားလာခြင်းမပြုရန် သတိပေးထားသည်။
ကျေးရွာနေ ပြည်သူများအနေဖြင့်တိုင်းပြည်အာဏာသိမ်းစစ်အာဏာရှင် စစ်ကောင်စီအဖွဲ့မှ ခန့်အပ် တာဝန်ပေးမည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်များကို လုံး၀ လက်ခံတာဝန်ယူခြင်း မပြုရန် KNLA တပ်မဟာ(၅)က တားမြစ်ခဲ့သည်။
KNLA အမှတ် (၅) တပ်မတော်ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ကျေးရွာများနေ ပြည်သူ တစ်ရပ်လုံး အနေဖြင့် KNU ဗဟို၏လမ်းညွှန်ချက်အတိုင်း KNUခရိုင် အဆင့်မှ ရှိနေပြီးသော စည်းမျဉ်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး ကျေးရွာပြည်သူ များမှ ရွေးကောက်တင်မြှောက်ထားသည့် ကျေးရွာ၊ မြို့နယ် ခရိုင် တို့မှ ခေါင်းဆောင်များ၏ ဦးဆောင်မှုကို လေးစားလိုက်နာကြရန်လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
KNU တပ်မဟာ(၅)သည် စစ်ကောင်စီတပ်ကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာဖြစ်ပြီး အဆိုပါဒေသ၌ တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။
People's Spring
No comments:
Post a Comment