AAနှင့်NUG ဆွေးနွေးသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီက ရခိုင်ရိုးမကိုစစ်ကြောင်းထိုးမည်

ဇန်နဝါရီလ ၁၁ ရက်

စစ်ကောင်စီက ရခိုင်ရိုးမအတွင်းနှင့်ရခိုင်ရိုးမထိစပ်သည့် နေရာဒေသများသို့ စစ်ကြောင်းထိုးမည်ဖြစ်သဖြင့် ရခိုင်ရိုးမအတွင်းတွင် သစ်ခုတ်၊ဝါးခုတ်၊ မီးသွေးဖုတ်၊တောင် ယာလုပ်ကိုင်သည့်ဒေသခံများအား ဇန်နဝါ ရီလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီရပ်/ကျေးအုပ်ချုပ်ရေး အ သိုင်းအဝိုင်းထံက သိရသည်။

ရခိုင်ရိုးမပေါ်အတွင်းမှီခိုပြီးအသက်မွေးဝမ်းကြောင်း ပြု ၍ စားသောက်နေထိုင်ကြသည့် ပြည်သူတွေကို ယခုလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ရိုးမအတွင်းကနေဖယ်ရှားပေးရမည်ဆိုကာစစ်ကောင်စီက ကျေးရွာအုပ်စုတွေရှိအုပ်ချုပ်ရေးမှူးတွေကိုညွှန်ကြားထားကြောင်းဒေသခံများက ဆိုသည်။

ရခိုင်ရိုးမနှင့်ထိစပ်သည့် ဧရာဝတီတိုင်းအတွင်းမြို့နယ်များဖြစ်သည့်  အင်္ဂပူမြို့နယ်၊မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်အတွင်းမှ အဆိုပါရခိုင်ရိုးမအတွင်းရောက်ရှိနေသူများကို စစ်ကောင်စီက မြို့နယ်အလိုက် ညွန်ကြားထားကြောင်း ဒေသခံများထံက သိရသည်။

"ခုလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီရွာတွေထဲပြန်နေရမယ်။အလုပ်သွားလုပ်ချင်ရင်အုပ်ချုပ်ရေးမှူးတွေထံမှာနေချင်းပြန်ထောက်ခံစာယူပြီသွားရမယ်။စစ်တပ်ကစစ်ကြောင်းထိုးမဲ့သဘောမျိုးနဲ့နယ်မြေရှင်းလင်းရေးလုပ်ဖို့ ညွှန်ကြားတဲ့သဘောမျိုး'' ဟု အင်္ဂပူမြို့နယ်အတွင်းက အမည်မဖော်လိုသူ စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ရခိုင့်တပ်တော်-AAနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ- NUGတို့ ဇန်နဝါရီလပထမအပတ်အတွင်း အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ ရခိုင်ရိုးမအတွင်းသို့ စစ်ကြောင်း ထိုးနယ်မြေရှင်းလင်းရန်ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးမအတွင်း ရောက်ရှိနေသည့်ဒေသခံများကို ဖယ် ရှားခိုင်းမှုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တွေကိုတောနင်းရှာဖွေပြီး စစ်ကြောင်းထိုးမည့်အစီအစဥ် ဖြစ်သည်ဟုစစ်ကောင်စီဘက်က သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောဆိုချက်များအရ သိရသည်။

ဧရာဝတီတိုင်းအတွင်း တွင် ငါးသိုင်းချောင်း၊သာပေါင်း၊လေးမျက်နှာ၊အင်္ဂပူ၊မြန်အောင်၊ကြံခင်းစသည့် မြို့နယ်များသည် ရခိုင်ရိုးမနှင့်ဆက်စပ်နေပြီ အခြေခံလူတန်စားအများစုသည် ဝါးခုတ်၊သစ်ခုတ်၊တောင်ယာလုပ် စသည့်အလုပ်တွေကို ရခိုင်ရိုးမတောင်ကို မှီခိုလုပ်ကိုင်စားသောက်နေကြကြောင်း ဒေသခံများထံကသိရသည်။

ကိုကိုလေး/ ဧရာဝတီတိုင်းမ် / Ayeyarwaddy Times 

AAနှင့်NUG ဆွေးနွေးသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီက ရခိုင်ရိုးမကိုစစ်ကြောင်းထိုးမည် AAနှင့်NUG ဆွေးနွေးသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီက ရခိုင်ရိုးမကိုစစ်ကြောင်းထိုးမည် Reviewed by THITHTOOLWIN on 07:23 Rating: 5

No comments:

Powered by Blogger.