စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်စည်များ NUG သို့ ဝင်ငွေခွန် ဆောင်ထားကြောင်း မပြသနိုင်လျှင် အရေးယူမည်ဟုဆို

MFP ၊ ဒီဇင်ဘာ - ၈ 

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်စည်ဝန်စလွယ်များအားလုံး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သို့ ဝင်ငွေခွန် ပေးဆောင်ထားကြောင်း Digital Slip ဖြတ်ပိုင်းများ မပြသနိုင်လျှင် ဒေသကာကွယ်ရေးအဖွဲ့များက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်ကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF)က ယနေ့ ကြေညာသည်။ 

" စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းကြီးများ လုပ်ငန်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ ဝင်ငွေခွန်ဆောင်ပြီး Digital Slip ဖြတ်ပိုင်းများကို စစ်ဆေးရေး ဆောင်ရွက်သည့် တာဝန်ရှိ တပ်ဖွဲ့များသို့ ပြသရမည်ဖြစ်ပြီး မပြသနိုင်သည့် လုပ်ငန်းများအား သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူသွားမည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလ ၁၅-၁-၂၀၂၂ ရက်နေ့ ကျော်လွန်ပါက မြို့နယ် ပ-အ-ဖ များနှင့် ချိတ်ဆက်၍ ထိရောက်စွာ အရေးယူသွားမည် " ဟု SPDF က ဆိုသည်။ 

ယင်းအပြင် စစ်ဗိုလ်ချုပ်ကြီးများ၏ စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်၏ ဦးပိုင်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် အရက်ဘီယာများကို နိုဝင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ စစ်ကိုင်းတိုင်း နယ်နိမိတ်အတွင်းတွင်  ရောင်းဝယ်ဖောက်ကားခြင်း သယ်ယူဖြန့်ဖြူးခြင်းများ မပြုကြရန် SPDF က တားမြစ်ထားသည်။ 

" အဲဒီအစီအစဉ်တော့ မသိရသေးဘူးဗျ။ ကျွန်တော်တို့ မြောင်ဒေသမှာတော့ အဲဒီလို စစ်ဆေးရေးဂိတ်ထားပြီး စစ်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ရှောင်တခင် သတင်းရလို့ စစ်တပ်နဲ့ဆက်စပ်တဲ့ ဘီယာတို့ အရက်တို့ကိုတော့ တားမြစ်ဖမ်းဆီးပါတယ်။ ဒါကတော့ လက်ကိုမခံတာပါ။ မရောင်းရဘူးလည်းတားထားတယ် " ဟု မြောင် MSDF က ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၉) မြို့နယ်အား NUG၏ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု စတင်နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုထားသည်။ 

Mandalay Free Press - MFP

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်စည်များ NUG သို့ ဝင်ငွေခွန် ဆောင်ထားကြောင်း မပြသနိုင်လျှင် အရေးယူမည်ဟုဆို စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်စည်များ NUG သို့ ဝင်ငွေခွန် ဆောင်ထားကြောင်း မပြသနိုင်လျှင် အရေးယူမည်ဟုဆို Reviewed by THITHTOOLWIN on 07:26 Rating: 5

No comments:

Powered by Blogger.