NLD နာယကကို စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု နိုင်ငံရေးအမြတ်ထုတ်တာလို့ ပါတီဝင်တွေဝေဖန်


စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယကဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးကို ဒီဇင်ဘာ ၅ ရက် မနေ့က ဗဟန်းမြို့နယ်က နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တာဟာ ပြည်တွင်းအခြေအနေဆိုးနေပြီး နိုင်ငံတကာ ဖိအားတွေများနေ ချိန်မှာ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့လုပ်ရပ်လို့ NLD ပါတီဝင်တချို့က ဝေဖန်ပါတယ်။

ဒီလိုတွေ့ဆုံချိန်မှာ သူရဦးတင်ဦးက NLD ပါတီကိုယ်စားပြု ပင်နီတိုက်ပုံနဲ့ ခွပ်ဒေါင်းအလံ ရင်ထိုးတပ်ပြီး လက်ခံတွေ့ဆုံခဲ့တာပါ။

အခုလို နိုင်ငံတကာရဲ့ဖိအားတွေများနေချိန်မှာ နေအိမ်အထိ တကူးတက လာတွေ့တာဟာ NLD ပါတီကို အလေး ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဟန်ဆောင်ပန်ဆောင် နိုင်ငံရေးအမြတ်ထုတ်တဲ့ ကိစ္စဖြစ်တယ်လို့ NLD ပါတီ ရန်ကုန် တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။

“ဘဘ ဦးတင်ဦးကို တွေ့ခဲ့တဲ့ကိစ္စကတော့ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီးတော့ သူက NLD ကို အလေးထားပါတယ်ဆိုတဲ့ပုံစံမျိုး ဟန်ဆောင်ပန်ဆောင်နဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်တဲ့ကိစ္စပါ။ ဦးခင်ညွန့်ကို တွေ့တဲ့ကိစ္စကတော့ ဦးခင်ညွန်နဲ့ မတည့်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ သူတို့အဖွဲ့တွေရှိတယ်၊ အဲဒီအဖွဲ့တွေကနေ မင်းအောင်လှိုင်ကို ဖိအားတစ်စုံတစ်ရာ ပေးနေ တဲ့သဘောရှိတယ်၊ သဘောထားတွေ ကွဲလွဲနေတယ်လို့ ယူဆရတယ်၊ အဲဒီအတွက်ကို သူတို့နဲ့မတည့်တဲ့ ဗိုလ်ချုပ် ခင်ညွန့်ကို သွားပြီးတော့ လက်ဆွဲနှုတ်ဆက်ပြတာပေါ့ဗျာ၊ သဘောကတော့ မဲတင်းတဲ့သဘော ပေါ့”

နာယကကြီး ဦးတင်ဦးကတော့ ပြည်သူလူထုဘက်ကပဲ အမြဲတမ်းရပ်တည်ခဲ့တာဖြစ်လို့ တွေ့တဲ့အချိန်မှာ လည်း ပြည်သူလူထုဘက်ပဲ ရှိနေတယ်ဆိုတာ ပြသတဲ့သဘောနဲ့ ပင်နီတိုက်ပုံနဲ့ NLD ပါတီရင်ထိုး ထိုးပြီး တွေ့ခဲ့တာလို့ ဦးဘိုဘိုဦးက ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံချိန်မှာ သူရ ဦးတင်ဦးနဲ့အတူ ရှိနေခဲ့တဲ့ ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဦးမြင့်ဦး ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ကျန်းမာရေးအခြေအနေကို အဓိက မေးမြန်းခဲ့ပြီး ဦးတင်ဦး ဘက်ကတော့ တိုင်းပြည်ကိုကောင်းစေချင်တဲ့ ဆန္ဒရှိကြောင်း ပြန်ပြောခဲ့တယ်လို့ RFA ကို ရှင်းပြပါတယ်။

“သူကတော့ ကျန်းမာရေး မကောင်းဘူးလို့ကြားလို့ လာပြီးတော့ ကြည့်တာတဲ့၊ လိုအပ်တာရှိလည်း ပြောပေါ့။ တပ်မတော်ဆေးရုံတို့ ဘာတို့ အကုန်ပြောတယ်၊ ကျန်တာတော့ နိုင်ငံရေးအကြောင်း ဘာမှ မပြောဘူး။ ကျနော်ကတော့ အောင်မြေလာနင်းတာလို့ ထင်တာပဲ၊ သူဘယ်လို အကွက်ရွှေ့မယ်ဆိုတာ ကိုယ်မပြောတတ်ဘူး။ အခုလည်း တစ်ကွက်တော့ ရွှေ့လိုက်တာပဲ၊ ရွှေ့တဲ့အချက်က အကောင်းဆုံးတော့ ဖြစ်စေချင်တာပေါ့။ အဘလည်း မေတ္တာသူ့ကိုပို့တယ်။ အကောင်းဆုံးတော့ အဘဆန္ဒရှိတယ်တဲ့ တိုင်းပြည် ကောင်းဖို့ ဆန္ဒရှိတဲ့အကြောင်း အဘ ပြောပါတယ်”

အရင်က နေပြည်တော် ပင်လုံအခမ်းအနားမှာ လာရောက်တွေ့ဆုံခဲ့ဖူးပေမယ့် NLD ထိပ်တန်းခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်တွေ မချမှတ်ခင် ရက်ပိုင်းအလို၊ စစ်အာဏာသိမ်း ၁၀ လအကြာမှာ အခုလို နေအိမ်မှာ တကူးတက လာရောက်တွေ့ဆုံတာကတော့ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဦးမြင့်ဦးက ဆိုပါတယ်။

ဒီတွေ့ဆုံမှုဟာ နိုင်ငံရေးအရ မဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုပဲ ရှင်းပြခဲ့တာဖြစ်ပြီး ကျန်းမာရေး လိုအပ်ချက်တွေ ကူညီနိုင်ဖို့ အဓိကသွားတွေ့တာလို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“အဓိကကတော့ ကျန်းမာရေးအခြေအနေ သွားကြည့်တာပါ။ သူတို့အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးဆိုရင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့ တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း ဒါအရေးပါတဲ့နေရာတွေမှာ နေခဲ့တာပေါ့။ အဓိကတော့ ကျန်းမာရေး နဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့စောင့်ရှောက်မှုတွေ ပေးနိုင်အောင် တပ်မတော်ဆေးရုံတွေမှာလည်း အချိန်မရွေး ကုသမှုတွေခံယူနိုင်အောင် ဒါတွေအတွက် သွားရောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအရတော့ မဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ အခြေအနေလေးတွေပဲ ပြောပြတာရှိပါတယ်။ ဆွေးနွေးတာတောင် မရှိ ပါဘူး”

စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ NLD နာယက ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦး၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့  ဗိုလ်ကလေးတင့်အောင် တို့ကို သွားရောက် တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို အားပေးစကားပြောခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လွှတ်တော်အမတ်တွေကို ဖမ်းဆီးထောင်ချနေချိန်မှာ အခုလို ပါတီရဲ့နာယကကို သွားရောက်တွေ့ဆုံခဲ့တဲ့အပေါ်မှာ လူထုအကြား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဒါဟာ NLD ပါတီဆက်ရှိနေတာကို စစ်ကောင်စီဘက်က အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုး သက်ရောက် တယ်လို့ နိုင်ငံရေးသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ဦးတင်ဦးက အရင်တုန်းက ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒါကို အသိအမှတ်ပြုတဲ့ သဘောလည်းပါမယ်၊ နောက်တစ်ချက်ကတော့ အခုဖြစ်နေတဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းက အခြေအနေတွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ အမှုတွေနဲ့ တရားစွဲခံ အပြစ်ဒဏ်ပေးခံနေရတဲ့ အခါဆိုတော့ နောင်အနာဂတ်မှာ အနီးဆုံးဆိုရင်တော့ ၂၀၂၃ သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ NLD က ထိပ်ပိုင်းခေါင်းဆောင်တွေ မပါတဲ့ NLD အနေနဲ့ ရွေးကောက်ပွဲမှာ ပြန်ဝင်လာဖို့ မျှော်လင့်သလားတော့ မပြောတတ်ဘူးပေါ့၊ ပြောချင်တာက NLD ဆက်ရှိနေတာကို အသိအမှတ်ပြုတဲ့ သဘောလည်း သက်ရောက်တာပေါ့၊ ဘာလို့လဲဆိုတော့ ဦးတင်ဦးက ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့သလို NLD နာယကကြီးလည်း ခုထက်ထိဖြစ် နေတာကိုး”

NLD ပါတီကို မြေမြှုပ်သင်္ဂြိုဟ်ရေးနဲ့ ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချရေးဆိုတဲ့ ရည်မှန်းချက် အတိုင်း ဆက်သွားနေတဲ့ စစ်ကောင်စီအနေနဲ့ ကျန်းမာရေးအရ သွားမေးတာဖြစ်လို့ ဒီအပေါ်မှာ နိုင်ငံရေးအရ ဘာမှမျှော်လင့်ချက် မထားသင့်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြဝေဖန်ပါတယ်။

“အခုကတော့ သူတို့က One Soldier Always Soldier ပေါ့ဗျာ။ သူတို့ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တွေကို လူကြီးတွေကို ကျန်းမာရေးအရ သွားမေးမြန်းတာပါ။ အဲဒီအပေါ်မှာ ကျနော်တို့က နိုင်ငံရေးအရ ဘာမှမျှော်လင့်ချက်ထားစရာ မလိုပါဘူး။ မထားသင့်ပါဘူး။ အဲဒါကို မထားသင့်ကြောင်းကို ဖော်ပြလိုက် တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး နေပြည်တော်ကောင်စီက ဦးမျိုးအောင်တို့ကို ထောင်ချ ပြလိုက်တာဟာ သူတို့ရဲ့ နိုင်ငံရေးသဘောထားကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ လူတွေထင်ယောင် ထင်မှားဖြစ်အောင် အသုံးချလို့ကောင်းအောင် အပြန်အလှန် အလေးပြုတာတွေဘာတွေလည်း ဓာတ်ပုံတွေ ဘာတွေနဲ့ မြဝတီတို့ဘာတို့က သုံးတာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့နိုင်ငံရေးအရ ဘာမှမျှော်လင့်ချက် မထားဖို့ နောက်တစ်ခုက NLD ပါတီကို မြေမြှုပ်သင်္ဂြိုဟ်ရေး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ထောင် သွင်းအကျဉ်းချထားရေးဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း နိုင်ငံရေးသဘောထားအတိုင်း ဆက်လုပ်နေ တာဖြစ်တယ်လို့ ကျနော်က ပြောချင်ပါတယ်”

ဒီတွေ့ဆုံမှုကြောင့် စစ်ကောင်စီရဲ့ NLD ပါတီအပေါ်မှာ သဘောထား ပြောင်းသလား၊ NLD ပါတီ ဆက်လက် တည်ရှိမှုကို အသိအမှတ်ပြုမှာလား၊ ပါတီဝင်တွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာတွေ ဆက်မလုပ်တော့ဘူး လားဆိုတဲ့ စဉ်းစားမှုနဲ့ စိတ်ကူးယဉ်မှုမျိုးတွေ မဖြစ်ပေါ်ဖို့ လိုတယ်လို့လည်း ဦးသန်းစိုးနိုင်က သတိပေးသွား ပါတယ်။

အသက် ၉၀ ကျော်ရှိပြီဖြစ်တဲ့ NLD ပါတီ နာယကကြီး ဦးတင်ဦးဟာ ၂၀၁၇ ခုနှစ်က နေအိမ်ရေချိုးခန်းထဲမှာ ချော်လဲခဲ့ပြီး၊ လေဖြတ်ဝေဒနာ ခံစားနေရတာဖြစ်ပေမယ့် လက်ရှိမှာတော့ စကားပီပီသသ မပြောနိုင်တာက လွဲပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ မိသားစုဝင်တွေနဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ NLD ပါတီနာယက ဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့ပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၆ ရက် ဒီနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲထားတဲ့ အမှုတွေထဲက အမှုနှစ်ခုအတွက် တစ်မှုကို ထောင်ဒဏ် နှစ်နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် လေးနှစ်စီ ချမှတ်ခဲ့ပါတယ်။

အလားတူ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ကိုလည်း အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။


RFA Burmese 

NLD နာယကကို စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု နိုင်ငံရေးအမြတ်ထုတ်တာလို့ ပါတီဝင်တွေဝေဖန် NLD နာယကကို စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု နိုင်ငံရေးအမြတ်ထုတ်တာလို့ ပါတီဝင်တွေဝေဖန် Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.