NLD အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်သူ ညွှန်မှူးနဲ့ ညွှန်ချုပ်ကို စစ်ကောင်စီက အဂတိမှုနဲ့အမှုဖွင့်

သမ္မတဦးဝင်းမြင့်အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနအောက်က ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်တဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာရဲ့ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်းဒေါက်တာစိုးဦးတို့ကို အဂတိမှုနဲ့အမှုဖွင့်ထားတယ်ဆိုပြီး စစ်ကောင်စီဘက်က နိုဝင်ဘာလ ၃၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

WHO နဲ့ UNICEF တို့ကနေတဆင့် ပြည်သူ့ကျန်းမာရေးဌာန ငွေစာရင်းကို ထောက်ပံ့တဲ့ ကာကွယ်ဆေးထိုးနှံမှုကူညီငွေထဲက ဗဟိုအဆင့်မှာကျန်နေတဲ့ ငွေကျပ် ၁၆၁ သန်းကျော်ကို UNICEF ငွေစာရင်းကို ငွေပေးသွင်းခဲ့တာကြောင့်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဆိုရင် စာရင်းပြောင်း မသုံးဘဲ ထိန်းသိမ်းထားဖို့ ညွှန်ကြားထားတဲ့အဲဒီငွေတွေကို ဒေါက်တာထားထားလင်းက စစ်အာဏာသိမ်းမှုအပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလ ၁၀ ရက်မှာ UNICEF ထံ လွှဲပြောင်းခဲ့တာလို့ နားလည်ရပါတယ်။

ဗဟို၊တိုင်းနဲ့ပြည်နယ်အဆင့်မှာကျန်တဲ့ငွေတွေကိုရော ခေါင်းစဉ်ပြောင်းမသုံးစွဲဘဲ သိမ်းထားဖို့ လမ်းညွှန်ချက်ကို မလိုက်နာခဲ့တာဟာ နိုင်ငံတော်အတွက် ငွေကြေးနစ်နာမှုရှိစေခဲ့တာကြောင့်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီလမ်းညွှန်ချက်အတိုင်းလိုက်နာဖို့ ပျက်ကွက်ခဲ့တာ၊ ကူညီငွေတွေကို ကြီးကြပ်စစ်ဆေးဖို့ ပျက်ကွက်တာ၊ စီမံခန့်ခွဲဖို့ ပျက်ကွက်တာတွေဟာ နိုင်ငံ့ဘဏ္ဍာတွေ နစ်နာဆုံးရှုံးအောင် အားပေးကူညီရာရောက်တာကြောင့် ပြည်သူ့ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူးချုပ်ဟောင်းဒေါက်တာစိုးဦးကိုလည်း အဂတိမှုနဲ့အမှုဖွင့်တယ်လို့လည်းဆိုပါတယ်။

ဒေါက်တာထားထားလင်းနဲ့ ဒေါက်တာစိုးဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၆/၆၃ နဲ့ နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်ခဲ့သူလည်းဖြစ်တဲ့ ဒေါက်တာထားထားလင်းဟာ ဇွန်လကတည်းက ဖမ်းဆီးခံနေရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ကျန်းမာရေးလုပ်ငန်းတွေမှာပါဝင်နေတယ်လို့ စစ်ကောင်စီရဲ့စွပ်စွဲတာခံနေရပါတယ်။ 

BBC Burmese

NLD အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်သူ ညွှန်မှူးနဲ့ ညွှန်ချုပ်ကို စစ်ကောင်စီက အဂတိမှုနဲ့အမှုဖွင့် NLD အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်သူ ညွှန်မှူးနဲ့ ညွှန်ချုပ်ကို စစ်ကောင်စီက အဂတိမှုနဲ့အမှုဖွင့် Reviewed by THITHTOOLWIN on 17:16 Rating: 5

No comments:

Powered by Blogger.