အာဏာသိမ်းပြီးနောက် မူတြော်ခရိုင်မှာ စစ်ကောင်စီ တပ်ပြေး၂၈ ဦးရှိပြီး တပ်စခန်း ၁၁ ခုကို စွန့်ခွာသွားခဲ့တယ်လို့ KPSN က ပြော

ဓာတ်ပုံ - တပ်ပြေးလက်နက်ချ စစ်ကောင်စီတပ်သား ၂ ဦး

ဒီဇင်ဘာ-၃၊၂၀၂၁

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီက တပ်စခန်း ၁၁ ခုကို စွန်ခွာလာခဲ့ကြပြီး တပ်ပြေးလက်နက်ချစစ်သား ၂၈ ဦးရှိတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

"မူတြော်တခွင့် လက်နက်ကြီးဖြင့် ဒဏ်ခတ်ခြင်း"ဆိုတဲ့ အစီရင်ခံစာတစ်ခုကို KPSN က ထုတ်ပြန်လိုက်ပြီး အဲ့ဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီဘက်က  လက်နက်ချ ထွက်ပြေးတာ၊ တပ်စခန်းတွေ စွန့်ခွာသွားတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ တိုးမြှင့်လုပ်ဆောင်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုတာ စတာတွေ ပါရှိတာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပိုမိုတိုးများလာတဲ့ ကေအဲန်ယူရဲ့ ပြောက်ကျားတိုက်ခိုက်မှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်တာတွေကြောင့် ဖေဖေါ်ဝါရီ ၇ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ စစ်ကောင်စီဟာ စခန်းပေါင်း ၁၁ ခုကို စွန့်ခွာခဲ့ကြပြီး အဲ့ဒီထဲမှာ စခန်း ၂ ခုက ကေအဲန်ယူရဲ့ သိမ်းဆည်းခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ KPSN ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီလကနေ အောက်တိုဘာလအတွင်း မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီ တပ်ရင်း ၁၆ ရင်းက တပ်ပြေးလက်နက်ချစစ်သား ၂၈ ဦးရှိခဲ့ပြီး တပ်ပြေးသူတွေထဲမှာ ဒုဗိုလ်အဆင့်ရှိသူတစ်ဦး ပါဝင်သလို BGFဘက်က တပ်ပြေးတွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ပါရှိတာပါ။ စစ်ကောင်စီတပ်ပြေးတွေဟာ ကေအဲန်ယူထံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

"အကုန်လုံးက ပြေးချင်တဲ့လူနဲ့ တောခိုချင်တဲ့လူနဲ့ စခန်းထဲကနေပြီးတော့ မထွက်ခိုင်းဘူး တော်ရုံတန်ရုံ။ လစာဆိုလည်း အပြည့်မလာဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လက်ထဲမှာပိုက်ဆံရှိရင် ပြေးသွားမှာကြောက်လို့။ တပ်ရင်းတစ်ရင်းမှာ  အယောက် ၁၀၀ ကျော်လောက်ရှိမယ်ဆိုရင် ၉၉ ယောက်က ပြေးမယ့်လူတွေကြီးပဲ။ ဒီလိုမျိုးကိစ္စတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့  အရာရှိပြောနေတဲ့စကားကလည်း အရာရှိကလည်းရဲဘော်ကိုပြောတယ်။ ရဲဘော်ကမခံနိုင်ဘူး။ ရဲဘော်က စောက်ဂရုမစိုက်တော့ဘူးပေါ့.။ အမိန့်နာခံမှုဆိုတာ မရှိတာ့ဘူးပေါ့။ အမိန့်နာခံမှုလည်းမရှိတော့ဘူး။ ဖွဲ့စည်းပုံက နောက်ပိုင်းဆို ပိုတောင်ပျက်ဦးမှာ" လို့ စစ်ကောင်စီရဲ့ စကခ(၈) လက်အောက်ခံ ခမရ(၄၀၃)က တပ်ပြေးတစ်ဦးဖြစ်တဲ့ ဇော်လွင်ဦးက ပြောပါတယ်။ 

KNLA တပ်မဟာ ၅ စစ်ဆင်ရေးဗျူဟာမှူး ထူးကစောကလည်း စစ်ကောင်စီဟာ တပ်ဖွဲ့စည်းပုံပျက်နေပြီး တိုက်ခိုက်ချင်စိတ်တွေ လုံးဝမရှိတော့ပဲ မူတြော်ခရိုင်မှာရှိတဲ့ တပ်စခန်းကနေ ထပ်ပြီးတော့ စွန့်ခွာထွက်ပြေးဖို့ အစီအစဉ်ရှိနေတယ်လို့ ပြောပါတယ်။

"စစ်တပ်ရဲ့ဖွဲ့စည်းပုံ ပျက်နေတယ်ဆိုတာမှန်ပါတယ်။ အရင်က တပ်ရင်းတစ်ရင်းမှာ အင်အား ၃၀၀ ကျော်ရှိတယ်။ အခုဆို တပ်ရင်းတစ်ရင်းမှာ အင်အား ၇၀ ၈၀ လောက်ပဲရှိတော့တယ်။ သူတို့တွေ တိုက်ချင်စိတ် အလုပ်လုပ်ချင်စိတ် ရာနှုန်းပြည့်မရှိတော့ဘူ။ လုံးဝကိုပြောရဲတယ်။ သိပ်မကြာတဲ့အချိန်က တပ်ပြေးတော်တော်များများ ကျနော်တို့ဆီရောက်လာတယ်။ တပ်ပြေးတွေကို လေ့လာရသလောက် သူတို့တွေက နိုင်ငံရေးကို နားမလည်ကြဘူး။ ဘယ်နိုင်ငံရေးရဲ့ ဦးတည်ချက်နဲ့ အစီအစဉ်တွေကိုမှ နားမလည်ဘူး။ တပ်ပြေးတွေအားလုံးလိုလိုက သူတို့နေ့စဉ် အသက်ရှင်ဖို့အတွက် သက်သက်သာ အလုပ်လုပ်နေကြရတာတွေ့ရတယ်။ လက်ရှိအချိန်မှာ ပြသနာတွေတက်နေလို့ ဖာပွန်မှာရှိတဲ့သူတို့စခန်းတွေကို ထပ်ပြီးတော့စွန့်ဖို့ အစီအစဉ်ရှိကြတယ်။ မြေပြင်မှာတော့ သူတို့အမိန့်အတိုင်းမလုပ်ဘူး။ သူတို့အချင်းချင်းမှာတောင် ပြသနာတွေရှိနေတယ်" လို့ KNLA တပ်မဟာ ၅ စစ်ဆင်ရေးဗျူဟာမှူး ထူးကစောကပြောပါတယ်။ 

ကေအဲန်ယူထိန်းချုပ်နယ်မြေ မူတြော်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်BGF  ပူးပေါင်းတပ်တို့အကြား နေ့စဉ်လိုလို ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေပြီး နိုဝင်ဘာလ တစ်လအတွင်းမှာ စစ်ကောင်စီဘက်က (၁၀၃) ဦးသေဆုံးခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများပြားတာဟာ နယ်မြေမကျွမ်းကျင်မှုကြောင့် ဖြစ်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားထားတာ ဖြစ်ပါတယ်။


𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙

အာဏာသိမ်းပြီးနောက် မူတြော်ခရိုင်မှာ စစ်ကောင်စီ တပ်ပြေး၂၈ ဦးရှိပြီး တပ်စခန်း ၁၁ ခုကို စွန့်ခွာသွားခဲ့တယ်လို့ KPSN က ပြော အာဏာသိမ်းပြီးနောက် မူတြော်ခရိုင်မှာ စစ်ကောင်စီ တပ်ပြေး၂၈ ဦးရှိပြီး တပ်စခန်း ၁၁ ခုကို စွန့်ခွာသွားခဲ့တယ်လို့ KPSN က ပြော Reviewed by THITHTOOLWIN on 23:17 Rating: 5

No comments:

Powered by Blogger.