စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းဝန်းကျင်မှာ ဒီကနေ့မနက်ပိုင်းကKNU တပ်ဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ KNUသတင်းရင်းမြစ်ထံကနေ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းအချိန်က ကော့ကရိတ်မြို့ အာရှလမ်းမအနီး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲ့ကျေးရွာအုပ်စု အံကလော်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့က နယ်မြေကျော်ရောက်ရှိလာလို့ နယ်မြေခံ KNU တပ်မဟာ ၆ နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အဲ့ဒီထိတွေ့ပစ်ခတ်မှုဖြစ်စဉ်မှာ နှစ်ဖက်အထိအခိုက်အကျဆုံး မသိရပေမယ့် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ်လို့ KNU နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"အပြန်အလှန်ပစ်တာတော့ ၁၅ မိနစ်လောက်ပဲကြာတယ်၊ ထိခိုက်မှု မသိရသေးဘူး၊ စစ်ကောင်စီဘက် ထိတာရှိတယ်လို့ပြောတယ်၊ နာရေးကားတွေ လာတာတွေ့တယ်၊ ရွှေကြက်မင်းဘုရားကုန်းကနေ လက်နက်ကြီးနဲ့ ပြန်လိုက်ထုနေတယ်" လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။
ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ အချက် ၂၀ ခန့် ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။
မနေ့က လည်းကော့ကရိတ် မြဝတီ အာရှလမ်းအနီးက တောနော်ရေတံခွန်မှာ KNU တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၂ဦးသေဆုံးခဲ့ကာ ၂ဦးဒဏ်ရာရသွားပါတယ်။
KNU ဘက်ကတော့ စစ်ကောင်စီအနေနဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်လိုရင် တပ်တွေပြန်ဆုတ်သွားဖို့ တောင်းဆိုထားပါတယ်။
People's Spring
No comments:
Post a Comment