ဒီးမော့ဆိုမှာ တိုက်ပွဲ ဖြစ်ပြီးနောက် အိမ် ၅လုံးကို စစ်ကောင်စီ မီးရှို့ခဲ့တယ်လို့ KNDF ပြော

ဒီးမော့ဆို မြို့နယ် ထူလွှီးဘီလာ ကျေးရွာနားမှာ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ မနေ့က မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး အိမ်ငါးလုံး မီးရှို့ခံရတယ်လို့ KNDF က ပြောပါတယ်။

အဲဒီတိုက်ပွဲ အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကြောင့် KNDF ဘက်က တယောက် ထိခိုက် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ KNDF ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီ တပ်တွေဘက်က ထိခိုက် ကျဆုံးမှု ရှိပြီး အရေအတွက်ကိုတော့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ကောင်စီ တပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လူနေအိမ် ငါးလုံး မီးလောင်သွားကာ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီ တပ်တွေဟာတောင်ပေါ် ပြန်တက်သွားကာ အမှတ် ၄၂၇ တပ်ထဲ ပြန်၀င်သွားတဲ့ အနေအထား တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒီတိုက်ပွဲ သတင်းအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလလယ်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီ တပ်တွေဟာ လွိုင်ကော်မြို့ကို အခြေပြုပြီး အုပ်ချုပ်ရေး ပြန်လည်ပတ်နိုင်အောင် ကြိုးစားနေသလို ကျောင်းတွေလည်း ပြန်ဖွင့်ဖို့ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

တချိန်တည်းမှာ ဒီးမော့ဆိုကိုလည်း အလားတူ ဖြစ်လာအောင် စစ်ကောင်စီက ကြိုးစားနေဟန်ရှိပြီး အခု ဒီဇင်ဘာလဆန်းမှာ ၄ရက်အတွင်း တိုက်ပွဲ ၃ကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေရဲ့ တပ်ရွှေ့မှု အနေအထား သိသိသာသာ တွေ့လာရပြီး နောက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန် လာနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

KNDF နဲ့ KA ပူးပေါင်းတပ်တွေ နဲ့ မေလဆန်းကလို့ အခုအချိန် အထိ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူပေါင်း ၁၈ယောက်ခန့် ရှိလာပြီ ဖြစ်ကြောင်းနဲ့ လတ်တလော ဆေးဝါးနဲ့ ရိက္ခာ ရှိနေသေးပေမယ့် ရှေ့လာမယ့် တလ ၊ နှစ်လ အတွင်း ဆေးဝါး ပြတ်တောက်မှု ကြုံရနိုင်ဖွယ် ရှိတယ်လို့ KNDF ပြောခွင့်ရသူက ပြော ပါတယ်။

BBC Burmese


ဒီးမော့ဆိုမှာ တိုက်ပွဲ ဖြစ်ပြီးနောက် အိမ် ၅လုံးကို စစ်ကောင်စီ မီးရှို့ခဲ့တယ်လို့ KNDF ပြော ဒီးမော့ဆိုမှာ တိုက်ပွဲ ဖြစ်ပြီးနောက် အိမ် ၅လုံးကို စစ်ကောင်စီ မီးရှို့ခဲ့တယ်လို့ KNDF ပြော Reviewed by THITHTOOLWIN on 07:12 Rating: 5

No comments:

Powered by Blogger.