ကျိုင်းတုံမြို့တွင် စရဖက "ကျိုင်းတုံ ဟစ်တိုင်"Facebook Group ၏ Admin ကို မေးစရာရှိ၍ဟုဆိုကာ ခေါ်သွားပြီးနောက် ၅၀၅-က ဖြင့် အမှုဖွင့်


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျိုင်းတုံ ဟစ်တိုင်  Facebook Group တွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့်ပိုစ့်တင်သည်ကို လက်ခံပေး၍ဟုဆိုကာ Group Admin ဖြစ်သူကို  အာဏာသိမ်းစစ်တပ်၏ စရဖ( စစ်ဘက်ရေးရာလုံခြုံရေးတပ် - တြိဂံဒေသတိုင်းစစ်ဌာန )က တရားလိုလုပ်ကာ ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။ 

ကျိုင်းတုံ ဟစ်တိုင် အမည်ရှိ Facebook Group ၏ Admin ဖြစ်သူ  ကိုသီဟ(ခေါ်) ကိုကျော်သီဟ၏ ဆိုင်သို့  ဒီဇင်ဘာလ(၉)ရက်နေ့ ညပိုင်းက စရဖ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ထွေအုပ်တို့ပါဝင်သည့် အဖွဲ့က အိမ်စီးကားများဖြင့် ရောက်လာကာ မေးမြန်းစရာရှိ၍ လိုက်ခဲ့ရန်နှင့် မေးမြန်းပြီး ပြန်ပို့ပေးမည်ဟုပြောဆိုကာ ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးသွားချိန်တွင်  ကိုသီဟ၏ ဇနီးဖြစ်သူတို့၏ ဖုန်းအပါအဝင်း ဖုန်း(၃)လုံး သိမ်းသွားသည်ကို တွေ့ရသည်ဟု အနီးဝန်းကျင်တွင်တွေ့ရသူများက Tachileik News Agency သို့ ပြောသည်။

 ကိုသီဟ(ခေါ်)ကိုကျော်သီဟအား စရဖက စစ်ကြောရေးတွင် တစ်ညလုံး စစ်ကြောရေးပြုလုပ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ကျိုင်းတုံမြို့မရဲစခန်းသို့ လွှဲပြောင်းကာ စရဖ( စစ်ဘက်ရေးရာလုံခြုံရေးတပ် - တြိဂံဒေသတိုင်းစစ်ဌာန )က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံလိုက်ရသည့် ကျိုင်းတုံ ဟစ်တိုင်   Group ၏ Admin ဖြစ်သူ  ကိုသီဟ(ခေါ်)ကိုကျော်သီဟသည် စစ်တပ်မှ အာဏာစသိမ်းသည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဖေဖေါ်ဝါရီ (၂၇) ရက်နေ့အထိ စစ်တပ်က အမှုမဖွင့်ဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူလည်းဖြစ်သည်။

"အာဏာစသိမ်းတုန်းက ကိုသီဟကို စစ်တပ်က (၁)လနီးပါးလောက်ပါပဲ ဖမ်းပြီး ထိန်းသိမ်းထားသေးတယ်။ နောက်တော့ ပြန်လွတ်လာတယ်။ ပြန်လွတ်လာတဲ့နောက် သူ့အလုပ်သူ လုပ်နေတာပဲ။ သူတည်ထောင်ထားတဲ့ ကျိုင်းတုံ ဟစ်တိုင် Group မှာ ကျိုင်းတုံဒေသနဲ့ပတ်သက်လို့ အခက်အခဲရှိရင် ပိုစ့်တင်ပြီး မေးမြန်းဆွေးနွေးနိုင်ဖို့ ကြားလူအနေနဲ့ပဲ နေတာ။ ဆန့်ကျင်ရေးတွေ ဘာတွေ သူမလုပ်ဘူး။ အေးဆေးနေတဲ့သူပါ။ ကျိုင်းတုံ စရဖ က သိတဲ့အတိုင်း။ ခိုးဆိုးလုယက်တွေကိုသာ ရဲဖက်ကနေ ဝင်မကူတာ။ စစ်တပ်ဆန့်ကျင်ရေးနဲ့ ပတ်သက်လာရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ဖမ်းဆီးတာ၊ စွပ်စွဲတာတွေ လုပ်နေတာ။ ခုလည်း ကိုသီဟကို သက်သက်လုပ်တာလို့ မြင်တယ်။ တိုင်းမှူးကလည်း အောက်က စရဖတွေ တင်ပြတာပဲ ယုံပုံရတယ်။ ကိုယ်တိုင် ဆင်ခြင်တုံတရားမရှိဘူးလားမသိဘူး။ လူငယ်တွေလည်း နှစ်ရှည်ထောင်ဒဏ်တွေအထိ ချခံရတာပဲကြည့်ဗျာ"ဟု ကျိုင်းတုံဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

 တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့လယ်တွင် ယမန်နေ့ညပိုင်းက နေအိမ်အတွင်း အမျိုးသမီး (၃) အသတ်ခံရမှုဖြစ်ပွားသည်အထိ မှုခင်းများဖြစ်ပွားနေသော်လည်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက လူမှုကွန်ယက်တွင် စာတင်သူကို ရှာဖွေဖမ်းဆီးနေသည်ကို အံ့ဩရသည်ဟု ကျိုင်းတုံမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

"ကျွန်တော်တို့လည်း မြင်တွေ့နေတာပဲ။ Group အမည်ကိုက ဟစ်တိုင်။ ကျိုင်းတုံ ဟစ်တိုင်  Group မှာ စစ်တပ်ဘက်က ပို့စ်လာတင်တာတွေရော။ စစ်တပ်ကို လက်မခံနိုင်တဲ့သူတွေဘက်က ပိုစ့်လာတင်တာတွေရော တွေ့နေရတယ်။ Admin ပိုင်းက ဘက်မလိုက်ပဲ လက်ခံပေးနေတာတွေ့တယ်။ စစ်တပ်ကောင်းကြောင်း ပိုစ့်တင်လာချိန် ဘာမှမပြောဘဲနဲ့ ခု စစ်တပ်ဆန့်ကျင်ရေးလိုဟာမျိုးတင်လာတော့ ဖမ်းဆီးအမှုဖွင့်တယ်ဆိုတော့ ဒါဟာ လုံးဝ မဖြစ်သင့်ဘူး။ လူသတ်မှုတွေ။ ဓါးပြမှုတွေ ခိုးမှုတွေတော့ မဖမ်းနိုင်ဘူး။ အခုဟာကျမှ ငါတို့လုပ်ရင် အမှန်ပဲဆိုပြီး လုပ်တဲ့အချိုးမျိုးက ဆင်ခြင်တုံတရားမဲ့ပြီး အာဏာရှင်ဆန်တာဗျ"ဟု မြို့ခံလူငယ်တစ်ဦးကဆိုသည်။

အာဏာသိမ်းအဖွဲ့၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့မှာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခင်က တိုင်းမှူးအဖြစ် တာဝန်ကျခဲ့သည့်မြို့ဖြစ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်းအား တည်ငြိမ်အောင်ထိန်းထားနိုင်ပြီဆိုသည့်သဘောပြချင်သည့် အာဏာသိမ်းအဖွဲ့က ယုံထင်ကြောင်ထင် အသေးအမွှားကအစ ဖမ်းဆီးခြင်းများ လုပ်နေသည်ဟု တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများက သုံးသပ်ကြသည်။


Tachileik News Agency 

ကျိုင်းတုံမြို့တွင် စရဖက "ကျိုင်းတုံ ဟစ်တိုင်"Facebook Group ၏ Admin ကို မေးစရာရှိ၍ဟုဆိုကာ ခေါ်သွားပြီးနောက် ၅၀၅-က ဖြင့် အမှုဖွင့် ကျိုင်းတုံမြို့တွင် စရဖက  "ကျိုင်းတုံ ဟစ်တိုင်"Facebook Group ၏ Admin ကို မေးစရာရှိ၍ဟုဆိုကာ ခေါ်သွားပြီးနောက်  ၅၀၅-က ဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 03:32 Rating: 5

No comments:

Powered by Blogger.