မြောင်တွင် ကားဖြင့် သယ်လာသော စကစ၏ ပစ္စည်းများကို CDSOM အဖွဲ့က ကြားဖြတ်သိမ်းပိုက်


ဒီဇင်ဘာ - ၁

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော စစ်ကောင်စီ၏ ရဲအသုံးဆောင်ပစ္စည်းများ သယ်ဆောင်လာသော ဖောကားတစ်စီးကို ယနေ့ ဒီဇင်ဘာ(၁)ရက် ညနေပိုင်းတွင် လမ်းတဝက်၌ ပိတ်ဆို့တားဆီးကာ ပစ္စည်းများကို သိမ်းယူလိုက်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ(၁)ရက် ညနေ(၃)နာရီကျော်အချိန်က မြောင်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းဘက်သို့ သွားနေသည့် မသင်္ကာဖွယ် ဖောကားတစ်စီးကို တွေ့ရှိသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်တွင် သေတ္တာ ခြောက်လုံးဖြင့် ထုတ်ပိုး သယ်ဆောင်လာသည့် ရဲအသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသဖြင့် အဆိုပါ ပစ္စည်းများကို သိမ်းယူလိုက်ခြင်း ဖြစ်သည်ဟု CDSOM က ဆိုသည်။

စစ်ကောင်စီ လက်နက်ကိုင်များသည် အဆိုပါ ကားကို ချောဆွဲလာခြင်း ဖြစ်ပြီး ကားသမားကို သေနတ်ထောက် ခြိမ်းခြောက်ကာ ပစ္စည်းများ သယ်ပို့ခိုင်းခြင်း ဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် စစ်ကောင်စီ၏ ပစ္စည်းများကို သိမ်းယူကာ ကားသမားကို ပြန်လွှတ်ပေးခဲ့ကြောင်း CDSOM က ပြောသည်။

"ကားသမားကို ဖမ်းလာပြီးမှ ခြိမ်းခြောက် သေနတ်ထောက် ပစ်သတ်မယ်လို့ ပြောပြီး ပို့ခိုင်းတယ်လို့ သိရပါတယ်။ မြောင်မြို့ရဲစခန်းကနေ ကျောက်ရစ်ရဲစခန်းကို ပို့ဆောင်တာပါ။ တခြားလူ မပါဘူးဗျ။ ကားသမားကို ပြန်လွှတ်လိုက်ပါတယ်" ဟု CDSOM ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ရဲအသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသော ကားကို CDSOM အဖွဲ့မှ ဗိုလ်ဆင်ရိုင်း၊ မင်းယက္ခ နှင့် ဗိုလ်နတ်မြင်း တို့ ဦးဆောင်သော အဖွဲ့များက တားဆီးစစ်ဆေး သိမ်းယူနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ လက်နက်ကိုင်များသည် မြောင်မြို့နယ်အတွင်းရှီ ကျေးရွာအချို့၌ တပ်စွဲထားကာ အနီးအနားရှိ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ လုပ်ဆောင်နေသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုနှင့် မကြာခဏ မိုင်းထောင်ဖောက်ခွဲမှုနှင့် ကြုံနေရသော စစ်ကောင်စီ လက်နက်ကိုင်များသည် လက်ရှိတွင် မြောင်မြို့နယ်အတွင်းသို့ အရပ်သား အသွင်ယူကာ ဝင်ရောက်လာနေသလို စစ်လက်နက် ရိက္ခာ သယ်ယူခြင်း လုပ်ငန်းများကိုလည်း အရပ်သားကားများဖြင့် သယ်ယူပို့ဆောင်နေသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ဆိုသည်။


CDSOM အဖွဲ့က သိမ်းယူနိုင်ခဲ့သော စကစ၏ ရဲအသုံးအဆောင် ပစ္စည်းများ/ Photo – CDSOM


Mandalay Free Press - MFP

မြောင်တွင် ကားဖြင့် သယ်လာသော စကစ၏ ပစ္စည်းများကို CDSOM အဖွဲ့က ကြားဖြတ်သိမ်းပိုက် မြောင်တွင် ကားဖြင့် သယ်လာသော စကစ၏ ပစ္စည်းများကို CDSOM အဖွဲ့က ကြားဖြတ်သိမ်းပိုက် Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.