ပြည်သူကို အကြမ်းဖက်သည့် မည်သည့်ရဲ့နှင့် စစ်သားကိုမဆို CDM အဖြစ်လက်မခံဟု ပြည်သူ့ရင်ခွင်အဖွဲ့ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၅ 

ပြည်သူများအပေါ်  အကြမ်းဖက်မှုကျူးလွန်ထားသည့် မည်သည့် တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကိုမဆို CDM အဖြစ်လက်မခံဟု ပြည်သူ့ရင်ခွင်အဖွဲ့က ယနေ့ ဒီဇင်ဘာ(၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယနေ့ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၌ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီက ကားဖြင့်တိုက်၊ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းသည့် ဖြစ်စဥ်ကိုအခြေခံ၍ "ပြည်သူ့ရင်ခွင် ခိုလှုံသူများ စိစစ်လက်ခံခြင်းနှင့် စပ်လျဉ်းသည့် ကြေညာချက်"အဖြစ် ပြည်သူ့ရင်ခွင် အဖွဲ့က အသိပေးလိုက်ခြင်းဖြစ်သည်။

ယနေ့လူထုသပိတ်စစ်ကြောင်း၌ ထိခိုက်ကွယ်လွန်သူ၊ မတရားဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စိတ်ထိခိုက်ခံစားရသည်ဟု ပြည်သူ့ရင်ခွင်က ဆိုသည်။

အဆိုပါဖြစ်စဥ် အပါအဝင် ထိုကဲ့သို့ဖြစ်စဥ်တိုင်း၌ လူမဆန်စွာဆောင်ရွက်ခဲ့သော စစ်ကောင်စီလက်ပါးစေများကိုလည်း အကြမ်းဖက်စစ် ကောင်စီ၏ ထောက်တိုင်များအဖြစ် သတ်မှတ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီ(၁)ရက်မှစ၍ ပြည်သူများအပေါ်  ပြစ်မှုကျူးလွန်ထားသည့် မည်သည့် တပ်နှင့် ရဲတပ်ဖွဲ့ဝင်ကိုမဆို ပြည်သူ့ရင်ခွင်သို့ ခိုလှုံရန် လက်ခံထားခြင်းမရှိဟု သိရသည်။

ပြည်သူ့ရင်ခွင် - People's Embrace သည် ပြည်သူ့မှ ပြည်သူသို့မူဝါဒဖြင့် ပြည်သူများနှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပြီး တပ်နှင့်ရဲ CDM တို့၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် တတ်နိုင်သည့်နည်းလမ်းတို့ဖြင့် အဘက်ဘက်မှ ထောက်ကူနေသော အဖွဲ့ဖြစ်သည်။ 

တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေး နွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ်ငန်းများကို "ပြည်သူ့ရင်ခွင် - People 's Embrace" တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmar နှင့်ပူးပေါင်း၍  စိစစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

Lu Nge Khit

ပြည်သူကို အကြမ်းဖက်သည့် မည်သည့်ရဲ့နှင့် စစ်သားကိုမဆို CDM အဖြစ်လက်မခံဟု ပြည်သူ့ရင်ခွင်အဖွဲ့ကြေညာ ပြည်သူကို အကြမ်းဖက်သည့် မည်သည့်ရဲ့နှင့် စစ်သားကိုမဆို CDM အဖြစ်လက်မခံဟု ပြည်သူ့ရင်ခွင်အဖွဲ့ကြေညာ Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.