မြနန္ဒာဝန်ထမ်းအိမ်ယာက CDM ကျောင်းဆရာမ အပါအဝင် ငါးယောက် အဖမ်းခံရ


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြနန္ဒာ ဝန်ထမ်းအိမ်ရာထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်ကေဇာ အပါအဝင် ငါးယောက်တို့ဟာ ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံ လိုက်ရပါတယ်။

ဒီကနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိမ်ယာထဲ အပေါက်တွေပိတ်၊ ဝင်ရောက်စီးနင်းခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အစောကြီး စစ်သားတွေ ရောက်ချလာပြီး ဝင်ပေါက်တွေအကုန် ပိတ်လိုက်တယ်။ အဝင်၊ အထွက် မလုပ်ရတော့ဘဲ အခန်းတွေလိုက်စစ်တာ။ CDM လုပ်နေတဲ့ ကျောင်းဆရာမ တစ်ယောက်လည်း အဖမ်းခံလိုက်ရတယ်။ အိမ်ရာထဲက အနည်းဆုံး ငါယောက်လောက်တော့ ဖမ်းခံလိုက်ရတယ်။ စစ်မေးစရာရှိလို့လို့ ကြားတယ်"

သူတို့အားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘယ်ခေါ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။ အဲဒီဝန်ထမ်းအိမ်ယာထဲမှာ ဌာနဆိုင်ရာပေါင်းစုံက ဝန်ထမ်းတွေ နေထိုင်ကြတဲ့ လိုင်းခန်းအိမ်ယာ ဖြစ်ပါတယ်။

အဖမ်းခံလိုက်ရတဲ့ ဆရာမ ဒေါ်ကေဇာ ရဲ့ အမျိုးသားဟာ ဆင်ဟွာသတင်းဌာန နေပြည်တော် အခြေစိုက် သတင်းထောက်တစ်ယောက်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့လ နှစ်လလောက်က ကိုဗစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ ၇၆၄၀ ယောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese 

မြနန္ဒာဝန်ထမ်းအိမ်ယာက CDM ကျောင်းဆရာမ အပါအဝင် ငါးယောက် အဖမ်းခံရ မြနန္ဒာဝန်ထမ်းအိမ်ယာက CDM ကျောင်းဆရာမ အပါအဝင် ငါးယောက် အဖမ်းခံရ Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.