ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာဘာဂနာရုံးခန်းကို ပိတ်လိုက်ပြီလို့ စစ်ကောင်စီပြော
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ မစ္စခရစ္စတင်း ရှာရနာ ဘာဂနာရဲ့ နေပြည်တော်က ရုံးခန်းကို ပိတ်သိမ်းလိုက်တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်မှာ ပြောလာပါတယ်။
ကုလသမဂ္ဂရဲ့ အောက်တိုဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာရဲ့တာဝန်ဟာ ပြီးဆုံးပြီဖြစ်ကြောင်းသိရလို့ မြန်မာနိုင်ငံက သူ့ရဲ့ရုံးခန်းကိုဆက်လက်ထားရှိခြင်းမပြုဖို့ဆုံးဖြတ်တာလို့ဆိုပါတယ်။
ဒီလိုပိတ်သိမ်းတဲ့အကြောင်းကိုလည်း စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂဆီ ဒီဇင်ဘာလ ၂၀ ရက်မှာ အကြောင်းကြားခဲ့ပြီးပြီလို့ ဆိုပါတယ်။
အဲဒီရုံးခန်းကို နေပြည်တော်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖွင့်ထားခဲ့တာဖြစ်ပါတယ်။
အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာပြည်တွင်းကို လာဖို့ ကြိုးစားခဲ့ပေမဲ့ အောက်တိုဘာမှာ သူ့တာဝန်ပြီးဆုံးချိန်အထိ ခရီးစဉ်အထမမြောက်ခဲ့သလို ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းမှုအပြီး မြန်မာပြည်တွင်းက အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကို ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။
လက်ရှိမှာ စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခံထားရပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါက်တာနိုလင်းဟေဇာနဲ့စစ်ကောင်စီကြား ဆက်သွယ်မှုရှိပြီလားဆိုတာနဲ့ သူ့အတွက် မြန်မာနိုင်ငံဆိုင်ရာရုံးခန်းရှိပြီလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒေါက်တာနိုလင်းဟေဇာဟာ အရင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံရဲ့ နာဂစ်မုန်တိုင်းအကူညီပေးရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့သူဖြစ်တာကြောင့် လက်ရှိစစ်ကောင်စီနဲ့ ဆက်ဆံရေးဟာ မစ္စဘာဂနာတုန်းက ရှိခဲ့တဲ့ဆက်ဆံရေးထက် တနည်းတဖုံပြောင်းလဲမှုရှိမလားဆိုပြီး အကဲခတ်တွေက လေ့လာစောင့်ကြည့်နေကြပါတယ်။
BBC Burmese
ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာဘာဂနာရုံးခန်းကို ပိတ်လိုက်ပြီလို့ စစ်ကောင်စီပြော
Reviewed by THITHTOOLWIN
on
17:33
Rating:
No comments:
Post a Comment