စစ်ကိုင်းဘက်မှ စစ်ကူသွားသော စကစကားခြောက်စီးလည်း မိုင်းဆွဲခံရပြီး မထိဟုဆို၊
MFP ၊ ဒီဇင်ဘာ - ၂၁
မုံရွာ - မန္တလေးကားလမ်း၊ မြင်းမူမြို့နယ် အလ္လက္ကပ္ပ ကျေးရွာအနီး၌ ယနေ့ ဒီဇင်ဘာ(၂၁)ရက် မွန်းတည့်ချိန်တွင် ကျောက်စိမ်းများ တင်ဆောင်လာသော စစ်ကောင်စီ၏ တွဲကားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီး မိုင်းထိကာ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသခံများက MFP သို့ ပြောသည်။
ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ် နန်စီပွန်ကျောက်စိမ်းမှော်မှ ကျောက်စိမ်းများကို စစ်ကောင်စီက ချင်းတွင်းမြစ်အတိုင်း အမြန်ရေယာဉ်များဖြင့် လက်နက်ကိုင်အင်အား အများအပြား အသုံးပြုကာ မုံရွာ အလုံဆိပ်ကမ်းသို့ သယ်ယူလာပြီးနောက် ယင်းမြစ်ဆိပ်မှတဆင့် တွဲကားများဖြင့် မန္တလေးဘက်သို့ ထပ်မံသယ်ယူနေခြင်း ဖြစ်သည်။
ယနေ့ ဒီဇင်ဘာ(၂၁)ရက်တွင် မုံရွာ - မန္တလေးလမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီ၏ ကျောက်စိမ်းတင် တွဲကား လေးစီးသည် မြင်းမူမြို့နယ် အလ္လက္ကပ္ပရွာနှင့် ဝမ်းပြည့်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးမှာ မိုင်းထိသဖြင့် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်ဟု မြင်တွေ့သူများက MFP သို့ ပြောသည်။
ထိုသို့ ကျောက်စိမ်းတင်ကားများ မိုင်းဆွဲခံရသည့်အပေါ် စစ်ကိုင်းဘက်မှ စစ်ကူသွားသော စကစများ၏ ကားခြောက်စီးလည်း အုန်းတောကျေးရွာနှင့် နတ်ခရိုင်ကြားတွင် မိုင်းဆွဲခံရသော်လည်း စကစများ မိုင်းမထိဘဲ လွတ်မြောက်သွားသည်ဟု MFP ၏ သတင်းရင်းမြစ်များက ပြောသည်။
မန္တလေး - မုံရွာကားလမ်းအား ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် မြင်းမူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ MMU PDF က သတိပေးချက် ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် အထက်ပါအတိုင်း စကစများ မိုင်းဆွခြံရခြင်း ဖြစ်သည်။
အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစများ အထိအခိုက် ရှိ။မရှိကိုမူ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိအခြေအနေအရ စစ်ကိုင်းဘက်မှ စကစအချို့ မြင်းမူဘက်သို့ သွားသဖြင့် လမ်းတလျှောက် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရင်း ကျောက်စိမ်းတင်ကားများကို တရျွေ့ရွေ့ဖြင့် မန္တလေးဘက်သို့ သယ်ယူဖွယ် ရှိသည်ဟု ဒေသတွင်း လေ့လာစောင့်ကြည်သူများက သုံးသပ်သည်။
စစ်ကောင်စီသည် အဆိုပါ ကျောက်စိမ်းများကို ချင်းတွင်းမြစ်အထက်ပိုင်းမှတဆင့် မန္တဘေးဘက်သို့ သယ်ဆောင်နိုင်ရန် စကစ လက်နက်ကိုင်အများအပြား၏ အသက်ကို စတေးခဲ့ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း တလျှောက်တွင် ကျောက်စိမ်းတင်ရေယာဉ်များ မထိခိုက်စေရေးကိုသာ အလေးထားခဲ့ပြီး လက်နက်ကိုင်အင်အား အများအပြား သုံး၍ မြစ်ကြောင်းတလျှောက် လမ်းကြောင်း ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စကစများ အသေများခဲ့သည်ဟု လေ့လာစောင့်ကြည်သူများက ပြောသည်။
Mandalay Free Press - MFP
ယနေ့ မနက်ပိုင်း မုံရွာ - မန္တလေး ကားလမ်းတွင် တွေ့ရသော ကျောက်စိမ်းတင်ကားများ/ Photo – CJ
No comments:
Post a Comment