မန္တလေးတွင် ဆုကြေး သိန်းရာချီပေးကာ စကစက ဘောလုံးပြိုင်ပွဲ ကျင်းပရန် စီစဉ်နေပြီး ဝင်ပြိုင်မည့် အသင်း မရှိသေးဟုဆို


ဒီဇင်ဘာ - ၆

အာဏာသိမ်း စစ်ကောင်စီက ဆုကြေးငွေ ကျပ်သိန်းရာချီ ချီးမြှင့်မည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ မန္တလေးတွင် ကျင်းပရန် စီစဉ်နေသော်လည်း ဝင်ပြိုင်မည့် အသင်းမရှိသေးကြောင်း မန္တလေး အားကစားလောက အသိုင်းအဝိုင်းက MFP သို့ ပြောသည်။

ကနဦးတွင် စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနက  အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲအဖြစ် ကျင်းပမည်ဆိုသည့်အတွက် မန္တလေးရှိ ပုဂ္ဂလိက ဘောလုံးအသင်းများက ဝင်ရောက်ယှ ဉ်ပြိုင်ရန် ရည်ရွယ်ခဲ့ကြသော်လည်း ဝန်ကြီးချုပ် ဖိတ်ခေါ်ဖလား အမည်အဖြစ် ပြောင်းလဲလိုက်သည့်အခါ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းမရှိတော့ဟု မန္တလေး အားကစားလောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"စစချင်း အရင်က အလွတ်တန်း ဖိတ်ခေါ်ဖလားဆိုတော့ ပြိုင်မယ့် အသင်းက အ‌တော်များတယ်၊ ၁၀ သင်းကျော်လောက်ရှိတယ်။ စကစက ဝန်ကြီးချုပ်ဖလားဆိုတော့ ပြိုင်မယ့် အသင်းက မရှိတော့ဘူး၊ ကျနော် နဲ့သိတဲ့ အသင်း ၁၀ သင်းလောက်က ဝင်မပြိုင်ကြတော့ဘူး၊ သူတို့ (စကစ)ဘက်က သိက္ခာမကျအောင်တော့ ခရိုင် အားကာ အဖွဲ့တွေနဲ့ စကစအောက်က လူတွေနဲ့ပဲ ပွဲတော့ မဖြစ်ဖြစ်အောင်တော့ လုပ်ကြမယ်ထင်တယ်" ဟု ၎င်းက MFP သို့ ပြောသည်။

အဆိုပါ စကစ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အသင်း(၁၅)သင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ယှဉ်ပြိုင်သည့် အသင်းတိုင်းကို တစ်သင်းလျင် ဝတ်စုံစရိတ် ကျပ်တစ်သိန်းခွဲ ထောက်ပံ့မည်ဟု စစ်ကောင်စီဘက်က ကြေညာထားသည်။

ထို့အပြင် ပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲကန်လျင် ကျပ်တစ်သိန်းခွဲနှုန်း ထပ်မံပေးအပ်ပြီး ပထမဆု ကျပ်သိန်း (၁၀၀)၊ ဒုတိယဆု ကျပ် (၇၅)သိန်း နှင့် တတိယဆု ကျပ် (၂၅)သိန်း ပေးမည်ဟု စကစ၏ ဘော်လုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီက ထုတ်ပြန်ထားသည်။

စကစ မန္တလေးတိုင်း ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် ပေးအပ်မည့်  ဆုကြေးများသည် ကစားသမား ဘဝ တစ်လျောက် မကြားဖူးခဲ့သော ဆုကြေးများဖြစ်ပြီး ယခင်က ဘောလုံးပြိုင်ပွဲ တစ်ပွဲလျှင် ကျပ်ငါးသိန်းမှ  (၂၅)သိန်းအထိသာ အမြင့်ဆုံးဆုကြေးအဖြစ် ပေးအပ်ကြောင်း မန္တလေးတိုင်း လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးက MFP သို့ ပြောသည်။

စစ်ကောင်စီက မန္တလေးတိုင်း ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဟု ဆုကြေးများနှင့်တကွ ကြေညာထားသော်လည်း  ပြိုင်ပွဲကျင်းပမည့်ရက်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

"လက်ရွေးစင် အသင်းတောင် ဘယ်သူကန်တယ်၊ မကန်ဘူး စိတ်မဝင်စားခဲ့ပါဘူး။ အခုက မျိူးဆက်သစ် လူငယ်တွေ။ မင်းတို့ရဲ့ ဘဝက အခုမှ စမယ်ဆိုလည်း ခဏနောက်ဆုတ်ထားပေးပါ ညီလေးတို့ရေ။ မင်းတို့ ဒီပွဲ မကန်ရလည်း ဘာမှမဖြစ်ဘူး ဆိုရင်ပေါ့။ ကန်မှ ဖြစ်မယ်ဆိုလည်း သဘောပါဗျာ။  မင်းတို့ဘဝ လိပ်ပြာလုံပြီး ဘောလုံးနဲ့ ပတ်သက်လာရင် ရဲရင့်ကြပါစေ ညီအကိုတို့။ ငါ မန္တလေးသား စစ်စစ် မန္တလေး မျက်နှာပျက်အောင်တော့ မလုပ်ကြပါနဲ့" ဟု လက်ရွေးစင် ကစားသမားဟောင်း ဝင်းနိုင်စိုး က ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

မန္တလေးတိုင်းသည် ဘောလုံးအားကစားတွင် အစဉ်အလာရှိပြီး ခေတ်အဆက်ဆက်တွင် မန္တလေးတိုင်း လက်ရွေးစင် ကစားသမားအချို့ နိုင်ငံ့လက်ရွေးစင်အဖြစ် ပါဝင်ခွင့်ရခဲ့သည်။


Mandalay Free Press - MFP

မန္တလေးတွင် ဆုကြေး သိန်းရာချီပေးကာ စကစက ဘောလုံးပြိုင်ပွဲ ကျင်းပရန် စီစဉ်နေပြီး ဝင်ပြိုင်မည့် အသင်း မရှိသေးဟုဆို မန္တလေးတွင် ဆုကြေး သိန်းရာချီပေးကာ စကစက ဘောလုံးပြိုင်ပွဲ ကျင်းပရန် စီစဉ်နေပြီး ဝင်ပြိုင်မည့် အသင်း မရှိသေးဟုဆို Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.