မြင်းခြံမြို့နယ်က ကိုသန်းထွန်းအောင် အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး


 နိုဝင်ဘာ ၂၉ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းမြောက်ရွာက  အသက် ၂၅ နှစ်အရွယ် ကိုသန်းထွန်းအောင် ဟာ ရဲနဲ့စစ်တပ်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် အဖမ်းခံရပြီး  လေးနာရီအကြာမှာပဲ  သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းမြောက်ရွာက  ကိုသန်းထွန်းအောင် အပါအဝင် ဒေသခံ ၁၂ ယောက်ဟာ ရွာမှာရှိတဲ့ အရက်ဆိုင်မှာထိုင်နေစဥ် ရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ရုတ်တရက်ရောက်လာပြီး ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

ဘာကြောင့်ဖမ်းမှန်း ကာယကံရှင်တွေကိုယ်တိုင် မသိရခင်မှာဘဲ ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် အဲဒီညမှာပဲ ကိုသန်းထွန်းအောင် သေသွားတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ဘာလို့ဖမ်းမှန်းကို မသိဘူး။ အကုန်လုံးက တောင်သူတွေပါပဲ။  ဆိုင်ထဲထိုင်နေတဲ့သူတွေကို သူတို့ တပ်စွဲထားတဲ့ စာသင်ကျောင်းထဲကို ဖမ်းသွားတာ။ အဲဒီမှာ အကုန်လုံးကို ရိုက်တာ၊ ကိုသန်းထွန်းအောင်က ရောဂါသည်ပါ။ သူက ခေါင်းလည်း ငုံ့မရဘူး၊ ခါးကလည်း ကုန်းမရဘူး၊ ရောဂါပေါ့၊ အဲဒါကို စစ်ကောင်စီက ဒူးမထောက်လို့ဆိုပြီး ရိုက်တယ်။ လဲကျသွားပြီး ဆုံးသွားတာပဲ။ သေတော့ တကိုယ်လုံး ညိုမဲနေတယ်"

သေဆုံးပြီးတဲ့နောက် စစ်တပ်က ရုပ်အလောင်းကို ပြန်ပေးခဲ့ပေမဲ့ ဓါတ်ပုံရိုက်ခွင့် အသေအချာ ကြည့်ရှုစစ်ဆေးခွင့် မပြုဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။ ကိုသန်းထွန်အောင် သေဆုံးပြီးတဲ့နောက်  ကျန်ဖမ်းဆီးခံရသူအားလုံးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီး၊ နောက်ထပ် လူစုလူဝေးမလုပ်ဖို့ သတိပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ကျေးရွာစာသင်ကျောင်းမှာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အခုချိန်ထိ စစ်တပ်က လာရောက်တပ်စွဲထားတာမို့ ဒေသခံရွာသား ထက်ဝက်နီးပါး ကြောက်ရွံ့ပြီး တိမ်းရှောင်နေကြတယ်လို့လည်း ကိုင်းမြောက်ရွာသားတွေက ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၁၀ လအတွင်းမှာ ရဲနဲ့ စစ်တပ်က သံသယနဲ့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ နာရီပိုင်း ရက်ပိုင်းအတွင်း သေဆုံးသူ အရေအတွက်ဟာ ကိုသန်းထွန်းအောင် အပါအဝင် ၈၁ ယောက် ရှိပြီဖြစ်ပါတယ်။ 

စစ်ကြောရေး သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းတဲ့အခါ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ရိုက်နှက်စစ်ဆေးလို့ သေတာမဟုတ်ဘဲ ရောဂါအခံရှိလို့ သေတာလို့သာ ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

RFA Burmese 

မြင်းခြံမြို့နယ်က ကိုသန်းထွန်းအောင် အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး မြင်းခြံမြို့နယ်က ကိုသန်းထွန်းအောင် အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး Reviewed by THITHTOOLWIN on 16:09 Rating: 5

No comments:

Powered by Blogger.