စစ်​ကောင်စီတပ် ရေမြက်ရွာသို့ဝင်​ရောက်ဖျက်ဆီးစဥ် ထွက်​ပြေးခဲ့​သော အသက်(၁၀၀)အရွယ်​ဒေါ်​အေးမှတ် လမ်းခုလတ်တွင် ကွယ်လွန်

(စစ်​ကောင်စီတပ်​ကြောင့်ထွက်​ပြေးစဥ်ကွယ်လွန်ခဲ့​သောအသက် ၁၀၀ အရွယ်အဘွား​ဒေါ်​အေးမှတ်)

အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာသို့ စစ်​ကြောင်းထိုးဝင်​ရောက်ပြီး မီးရှို့ဖျက်ဆီးသဖြင့် ထွက်ပြေးခဲ့ရသော အသက် (၁၀၀)နှစ်အရွယ် ဒေသခံအဘွားအိုတစ်ဦးသည် လမ်းခုလတ်မှာတွင်ကွယ်လွန်သွားသည်ဟု ဒေသခံများက ပြောသည်။

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွား ဒေါ်အေးမှတ်သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကိုပင် မကောက်ရသေးကြောင်း ယနေ့(ဒီဇင်ဘာ ၂၃ရက်)အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။

" အမေကြီး ဒေါ်အေးမှတ်က ပြေးတော့ပြေးတယ်။ မြောင်းကြားတခုရောက်တော့ မပြေးနိုင်တော့ဘူး။ နေရစ်တော့မယ်ဆိုပြီးနေရစ်ခဲ့တာ။ အအေးပတ်တာရော၊ လူကြီးဆိုတော့ခံနိုင်ရည်မရှိတာရောကြောင့် ဆုံးပါးသွားတာဖြစ်မယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်အေးမှတ်သည် ရေမြက်ကျောင်းဆရာတော်၏ အမေ  ရဟန်းဒါယကာမလည်းဖြစ်​ကြောင်းဒေသခံများကပြောသည်။ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းလည်း အသုံးပြု  တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်ရင်း လူစုကွဲပြီး အဘွားဒေါ်အေးမှတ်ပျောက်ဆုံးနေချိန်တွင် တွေ့ရှိပါကအကြောင်းကြားရန်  မိသားစုဝင်အချို့က လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၁ရက်တွင် ​ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် တင်ခဲ့သေးသည်။ နောက်တစ်နေ့တွင်မှ လမ်းဘေးတစ်နေရာတွင် သေဆုံးနေသည့်သတင်းကြားရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်နိုင်​ကြောင်း​ ဒေသခံအချို့က ​ပြောသည်။

နေအိမ် ၆၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို​ ဒေသခံများပိုင်ဆိုင်သော ကားနှစ်စီး နှင့် ဆိုင်ကယ်များကိုပါ မီးပုံရှို့သွားခဲ့သည်ဟု  ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

ယခုအခါ ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ထွက်​ပြေးရှောင်တိမ်းနေကြရကြောင်း ပြသူ့ကာကွယ်​ရေးအဖွဲ့-ပကဖ(ရေဦး)က ထုတ်ပြန်ထားသည်။

ထို့အပြင် ကျေးရွာအတွင်း လျှပ်စစ်မီးကြိုးများ ပြတ်ကြနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ မဝင်ရောက်ကြသေးရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

People's Spring 

စစ်​ကောင်စီတပ် ရေမြက်ရွာသို့ဝင်​ရောက်ဖျက်ဆီးစဥ် ထွက်​ပြေးခဲ့​သော အသက်(၁၀၀)အရွယ်​ဒေါ်​အေးမှတ် လမ်းခုလတ်တွင် ကွယ်လွန် စစ်​ကောင်စီတပ် ရေမြက်ရွာသို့ဝင်​ရောက်ဖျက်ဆီးစဥ် ထွက်​ပြေးခဲ့​သော အသက်(၁၀၀)အရွယ်​ဒေါ်​အေးမှတ် လမ်းခုလတ်တွင် ကွယ်လွန် Reviewed by THITHTOOLWIN on 18:00 Rating: 5

No comments:

Powered by Blogger.