(နေအိမ်များ မီးရှို့ဖျက်စီးခံခဲ့ရသည့် နှောဒေသမှ ဆုံကုန်းကျေးရွာအား တွေ့ရစဥ်) |
ဒီပဲယင်းမြို့နယ် နှောဒေသရှိကျေးရွာများအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် ဓားစာခံအဖြစ်ဖမ်းဆီးသွားသည့် ပြည်သူသုံးဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း နှောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Hnaw PDF)က ထုတ်ပြန်သည်။
ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူသုံးဦးမှာ နှောဒေသ ဆယ်တောအုပ်စု ဆုံကုန်းကျေးရွာမှဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သတ်ဖြတ်ခံခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
"အပြစ်မဲ့ပြည်သူသုံးဦးကို ဓားစာခံအဖြစ်ဖမ်းစီးသွားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၂ နာရီခန့်အချိန်တွင် ရဟတ်ယာဥ်ဆင်းသက်ရာအနီးတွင် ရက်စက်စွာသတ်ဖြတ်ထားခဲ့ပါသည်"ဟု Hnaw PDF က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့် ဆုံကုန်းရွာခံသုံးဦးမှာ ဦးမြတ်သင်း (၅၀ နှစ်ခန့်)၊ ဦးမျို့နိုင်(ခ)ငမျို့(၄၀ နှစ်ခန့်)နှင့် မောင်အောင်ဌေး(၁၂ နှစ်)တို့ဖြစ်ပြီး မောင်ဌေးအောင်မှာ စိတ်ပေါ့သွပ်သူတစ်ဦးဖြစ်ကြောင်း Hnaw PDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် သတ်ဖြတ်ခံရသူများအနီးတွင် ကျည် ခွံခုနစ်ခုနှင့် ကျည်တစ်တောင့်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထိုကြောင့် နှောဒေသရှိပြည်သူများအနေဖြင့် ယခုသတ်ဖြတ်ခံရသည့်ဖြစ်စဥ်အပေါ် သင်ခန်းစာယူပြီး စစ်ကောင်စီတပ်များအား သတိပြုရှောင်ရှားကြရန် ၎င်းတို့က တိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာများအား မီးရှို့ဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းစီးသတ်ဖြတ်ခြင်းများ ကျူးလွန်လျှက်ရှိပြီး ယမန်နေ့တစ်ရက်တည်းတွင် ဒီပဲယင်းနှင့် ရေဦးမြို့နယ်များတွင် ရဟပ်ယာဥ်များအသုံး ပြု၍ ပစ်ခတ်မှုများ ရှိခဲ့သည်။
People's Spring
No comments:
Post a Comment