စစ်ကောင်စီက ဒီပဲယင်း အနောက်ဘက်ခြမ်းကို ရဟတ်ယာဥ်တွေသုံးပြီးတိုက်



စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ရွာတွေဖြစ်တဲ့ အောင်စည်မြေ၊ ဝန်းရံ၊ ကုန်းရိုး ရွာတွေရဲ့အနီး လယ်တောတွေထဲက စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းကတည်းက အပြန်အလှန်ပစ်ခတ် တာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပစ်ခတ်နေရင်း နေ့ခင်းပိုင်းမှာတော့ စစ်တပ်ကိုပိတ်ဆို့ထားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သလို၊ နောက်ထပ် ရဟတ်ယာဉ်နဲ့ အင်အားထပ်တိုးတာတွေကို စစ်ကောင်စီဘက် ကလုပ်ဆောင်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတစ်ဦး ကပြောပါတယ်။

လေကြောင်းပစ်ကူ ရရှိပြီးနောက် အဲဒီစစ်ကြောင်းက ဝန်းရံ၊ ကုန်းရိုးဘက်ကနေ တပ်တည်၊ လယ်ပြင် ကွက်ရွာတွေဘက်ကို ရွှေ့ပြောင်းသွားခဲ့သလို ဒီကနေ့မနက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှု အချို့ရှိခဲ့တယ်လိုလည်း ဘီဘီစီကို ပြောပါတယ်။

အခုလိုတိုက်ပွဲတွေမဖြစ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ စစ်ဘေးရှောင်တွေနေထိုင်ကြတဲ့ လယ်တဲ အနည်းဆုံး ၁၇လုံးလောက်ကို စစ်ကြောင်းက မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလကုန်ပိုင်းလောက်ကလည်း ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းမှာ အလားတူ လေကြောင်းကပစ်ခတ်မှု တွေက ထွက်ပြေးရသူတွေရှိခဲ့သလို၊ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာခံ ၂ဦးနဲ့ အခြားရွာခံ ၃ဦး စုစုပေါင်း အနည်းဆုံး ၅ဦး သေဆုံးခဲ့တယ်လို့‌ သိရပါတယ်။

BBC Burmese
စစ်ကောင်စီက ဒီပဲယင်း အနောက်ဘက်ခြမ်းကို ရဟတ်ယာဥ်တွေသုံးပြီးတိုက် စစ်ကောင်စီက ဒီပဲယင်း အနောက်ဘက်ခြမ်းကို ရဟတ်ယာဥ်တွေသုံးပြီးတိုက် Reviewed by THITHTOOLWIN on 07:11 Rating: 5

No comments:

Powered by Blogger.