မန္တလေးမြို့လယ်ရှိ နေအိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အနုကြမ်းစီး ဓါးထိုးမှုဖြစ်ပွား

မန္တလေးမြို့လယ် လုယက်မှုဖြစ်စဉ်/ Photo – ဒေသခံ

အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်၌ ဓားပြမှုနှင့် လုယက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားနေ

 ဒီဇင်ဘာ - ၁

မန္တလေးမြို့လယ်၊ ၃၁လမ်း မန္တလေး ဆေးတက္ကသိုလ်အနီးရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ဒီဇင်ဘာ(၁)ရက် မွန်းတည့်(၁၂)နာရီဝန်းကျင်က အနုကြမ်းစီး ဓားထိုးလုယက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်း ၊ ၇၄ လမ်း နှင့် ၇၅ လမ်းကြားရှိ နေအိမ် တစ်အိမ်တွင် နေထိုင်သော ဆရာဝန်တစ်ဦးကို တပည့်ဖြစ်သူက ဓါးဖြင့်ထိုးကာ အနုကြမ်းစီး လုယက်ခြင်း ဖြစ်ပြီး ဓားထိုးခံရသည့် ဆရာဝန်သည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိသည်ဟု နီးစပ်သူများက ဆိုသည်။

"ဒေါက်တာ ရဲ့ တပည့် က ပစ္စည်းလု ဓါးပြတိုက်ဖို့ လုပ်တာလို့ ကြားတယ်၊ ဒေါက်တာ ရဲ့ စူးစူးဝါးဝါး နဲ့ ကယ်ကြပါဦး အော်သံကြားမှ လူသတ်ကောင်ကို ပတ်ဝန်းကျင်က လူတွေက ဝိုင်းလိုက်ကြတာ၊ ဖမ်းမိသွားတယ်၊ ဒေါက်တာ ကို ဆေးရုံပို့လိုက်တယ်၊ အခြေအနေတော့ မသိရသေးပါဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်  ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ဓားပြမှု၊ လုယက်မှုနှင့် လုယက်သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် လပိုင်းက မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်အိမ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရသလို လုယက်သတ်ဖြတ်မှုများလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 

မန္တလေးမြို့၌ လမ်းသွားလမ်းလာများကို ရိုက်နှက်ကာ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ် လုယက်သည့် ဖြစ်စဉ်များမှာမူ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။


Mandalay Free Press - MFP

မန္တလေးမြို့လယ်ရှိ နေအိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အနုကြမ်းစီး ဓါးထိုးမှုဖြစ်ပွား မန္တလေးမြို့လယ်ရှိ နေအိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အနုကြမ်းစီး ဓါးထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.