မကွေး လေတပ်စခန်းအတွင်း ပစ်ခတ်သံများ ကြားရ

ဧပြီလအတွင်းက အဝေးပစ် လျှပ်စစ်ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ မကွေး လေတပ်စခန်းနဲ့ မိတ္ထီလာလေတပ်စခန်းပြ မြေပုံ။ (ဧပြီ ၂၉၊ ၂၀၂၁)

မကွေးတိုင်း မကွေးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတခုဖြစ်တဲ့ မကွေးလေတပ်စခန်းဌာနချုပ် အတွင်းထဲမှာ ပစ်ခတ်သံတွေ အချိန်တော်တော်ကြာ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးမြို့တွင်းမှာတော့ အခြေအနေတွေ ပုံမှန်အတိုင်းရှိပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေတော့ ဆက်ရှိနေတုန်းပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မကွေးတိုင်း မကွေးမြို့မှာ စစ်ကောင်စီရဲ့ လေတပ်ဌာနချုပ်တခုဖြစ်တဲ့ မကွေးလေတပ်စခန်း ဌာနချုပ် အတွင်းထဲမှာ မနေ့ ဒီဇင်ဘာ ၅ ရက် ညပိုင်းနဲ့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မနက်အစောပိုင်း ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေတပ်စခန်းအနီးက ကျေးရွာတွေဖြစ်တဲ့ စကိုင်ကန်၊ မကြီးကန်၊ သန်းတောကုန်း၊ နွားကူး စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ အချိန်တော်တော်ကြာ ပစ်ခတ်သံတွေ ကြားရတာလည်း ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုအသံတွေနဲ့ ပတ်သက်လို့ မကွေးဒေသခံတဦးက အခုလိုပြောပါတယ်။
“မနက်က ၆ နာရီကျော်လောက်ကစပြီး ၉ နာရီခွဲ ၁၀ နာရီအထိတော့ အဆက်မပြတ် ပစ်ခတ်သံတွေ ကြားရတယ်၊ အပြင်ကနေ၊ မနေ့က ညကတော့ ပစ်တယ်ဆိုတဲ့ အသံကတော့ လေးငါးချက်လောက်ပဲ။ ဒီနေ့မနက်မှ ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်တာ။ အခုမနက်က ကျနော်ကိုယ်တိုင်သွားပြီး လေ့လာခဲ့တာ။ လေတပ်စခန်းထဲမှာ သေနတ်သံတွေ ကြားရတာ အချက်ပေါင်း မြောက်မြားစွာပေါ့။ လောလောဆယ်တော့ ပစ်ခတ်သံနဲ့ ပတ်သက်ပြီး ဘာကြောင့်ပစ်တယ်ဆိုတာ သတင်းအရင်းအမြစ်က မရဘူးခင်ဗျ။ သူတို့တပ်ထဲမှာလည်း အချက်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ပစ်ခတ်နေတာ။”

ဒီလို လက်နက်ငယ် ပစ်ခတ်သံမျိုးကို ဟိုးအရင်အချိန်တွေတုန်းက တခါမှ မကြားရဘဲ အခုမှ ကြားရတာကြောင့် ထူးခြားမှုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတဝိုက်မှာ အရင်တုန်းက လက်နက်ကြီးပစ် စမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် လမ်းတွေ ကြိုပိတ်တာ သက်ဆိုင်ရာ အနီးအနား ဒေသခံတွေကို အသိပေးတာမျိုးတွေ လုပ်လေ့ရှိပါတယ်။
အခုလို ပစ်ခတ်သံတွေကြားတာနဲ့ ပတ်သက်လို့ ဖြေကြားပေးဖို့ စစ်ကောင်စီပြန်ကြားရေးကို ဗွီအိုအေက မေးမြန်းထားပေမယ့် အခု သတင်းရေးသားပြီးချိန်ထိ ပြန်လည်ဖြေကြားပေးတာ မရှိသေးပါဘူး။
မကွေးလေတပ်စခန်းဌာနချုပ်ဟာ မကွေးမြို့ကနေ တောင်တွင်းကြီးမြို့ကို သွားတဲ့ မကွေး-တောင်တွင်း လမ်းမပေါ်မှာ ရှိတာပါ။ အခုလို ပစ်ခတ်သံတွေ ကြားရပေမယ့် မြို့တွင်းလုံခြုံရေးက ပုံမှန်အတိုင်းပဲလို့ ဒေသခံတဦးက ပြောပါတယ်။

“မြို့တွင်းလုံခြုံရေးက မြို့ထဲမှာတော့ သိပ်ပြီး သွားတာလာတာ မတွေ့ရဘူး။ သူတို့ စခန်းချရာ နေရာတွေမှာပဲ နေကြတာပေါ့နော်။ အဲ့လောက်အတိုင်းတာပါပဲ။ မြို့ထဲပတ်တာတွေ ဘာတွေ တအားကြီးမရှိဘူး။ မြို့အဝင်တွေမှာတော့ အကုန်လုံး စစ်ဆေးရေးဂိတ်တွေကတော့ ရှိနေတာပဲ။”
စစ်ကောင်စီက အာဏာသိမ်းပြီး ၄ လအကြာ ဧပြီ ၂၉ ရက် မနက်အစောပိုင်းတုန်းက မကွေးလေတပ်စခန်းဌာနချုပ်ကို အဝေးပစ် လျှပ်စစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပြီး လေတပ်စခန်း ဌာနချုပ်ထဲက အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ အလားတူပဲ မိတ္ထီလာ လေတပ်စခန်းဌာနချုပ်လည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။


သားညွန့်ဦး/ VOA Burmese
မကွေး လေတပ်စခန်းအတွင်း ပစ်ခတ်သံများ ကြားရ မကွေး လေတပ်စခန်းအတွင်း ပစ်ခတ်သံများ ကြားရ Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.