ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေးမယ့် အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ သြဂုတ်လထဲ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကော်မတီမှာ ဆွေးနွေးရာမှာ လတ်တလော အဆုံးအဖြတ် မပေးဘဲ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တာပါ။

“ဒီ ၂ နိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ကော်မတီဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Anna Karin Eneström နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကြောင့် လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုတော့ မြန်မာစစ်အာဏာပိုင်တွေက နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားသလို၊ သူ့နေရာမှာ စစ်အရာရှိတဦးနဲ့ အစားထိုးဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ယူနိုင်အောင် Credentials Committee ဆွေးနွေးမှုတွေ မလုပ်ဘဲ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သံတမန် အသိုင်းအဝန်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တာပါ။

ကော်မတီဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကြီးကတော့ လက်ရှိသံအမတ်ကြီးတွေ ဆက်လက် တာဝန်ယူခွင့် ရှိမှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ Credentials Committee မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဟားမား၊ ဘူတန်၊ ချီလီ၊ နမီဘီးယား၊ ဆီရာလီယွန်းနဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ကြပြီး၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို အထွေထွေညီလာခံထံ ဒီနှစ်မကုန်ခင် တင်ပြရမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေးမယ့် အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့ ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေးမယ့် အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့ Reviewed by THITHTOOLWIN on 06:21 Rating: 5

No comments:

Powered by Blogger.