မိုးကုတ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ လင်မယား ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံး


ဒီဇင်ဘာ ၁ ရက်၊ မိုးကုတ်

မန္တလေးတိုင်းဒေသ မိုးကုတ်မြို့ အနောက်ပိုင်း ပန်းမအောက်ရပ်နေ ဦးတင်မောင် ကုန်စုံဆိုင်မှာ မနေ့ နိုဝင်ဘာ ၃၀ ရက်က အမည်မသိလက်နက်ကိုင်က လာရောက် ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦး သေနတ်ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ဦးတင်မောင်နဲ့ ဇနီးဖြစ်ပြီး ညနေ ၇ နာရီခွဲမှာ ဆိုင်ရောင်းနေစဥ် အမည်မသိ လက်နက်ကိုင်က ပစ်ခတ်သွားတာပဲ ဖြစ်ပါတယ်။

ပန်းမအောက်ရပ်နေ ဒေသခံတစ်ဦးက “ဘယ်သူမှတော့ တိတိကျကျ မသိကြဘူး။ သူတို့လင်မယားနှစ်ယောက်ကကုန်စုံဆိုင် သေးသေးလေးဖွင့်တယ်။ လမ်းမဘေးမှာပဲ သေနတ်သံတိုးတိုးလေး ကြားတယ်။ လူတွေ တော်တော်များများ ဗျောက်သံလိုလို ဘယ်သူမှသတိမထားမိကြဘူး။ နောက်မှ လူမှုကူညီရေးအသင်းတွေ ရဲတွေရောက်လာမှ အဲ့အိမ်ကဖြစ်မှန်း သိကြတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။

ဇနီးဖြစ်သူကတော့  ညတွင်းချင်း ဆုံးသွားတာဖြစ်ပြီး ဦးတင်မောင်ကိုတော့   မိုးကုတ်မှတဆင့် ၇ မိုင်ဆေးရုံသို့ အရေးပေါ် ပို့လိုက်ရတယ်လို့ ၎င်းက ပြောပါတယ်။

အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း “သူ့ဇနီးက ဝမ်းဗိုက်မှာ ထိတယ်။ ပွဲချင်းပြီး သေသွားတယ်။ ပြီးခဲ့တဲ့အပတ်မှာလည်း အမျိုးသမီးတစ်ယောက် ရဲစခန်းနားမှာ ဆိုင်ကယ် လုခံရဖူးတယ်။ အခုလို ဖြစ်သွားတော့ လူတွေအကုန်လုံး ကြောက်လန့်ပြီး အပြင်မထွက်လာရဲကြတော့ဘူး” လို့ ​ဆိုပါတယ်။

အခုလို အဖြစ်အပျက်ကို မကြုံဖူးကြသလို ဒေသခံတွေရဲ့ အသက်လုံခြုံမှုအတွက် စိုးရိမ်နေရတယ်လို့ ၎င်းက ပြောပါတယ်။


Shwe Phee Myay News Agency 

မိုးကုတ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ လင်မယား ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံး မိုးကုတ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ လင်မယား ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံး Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.