မန္တလေးတွင် ရပ်ကွက်ရုံး တပ်စွဲထားသော စကစများကို ဗုံးပစ်တိုက်ခိုက်ရာ တပ်ကြပ် အပါအဝင် စကစ သုံးဦး သေဟုဆို

MFP ၊ ဒီဇင်ဘာ - ၉

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၂လမ်းပေါ်ရှိ ရပ်ကွက်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်အဆင့်တစ်ဦး အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် သုံးဦး သေဆုံးကြောင်း တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Mandalay Phoenix Force – MPF အဖွဲ့က MFP သတင်းဌာနသို့ ပြောသည်။

ယနေ့ ဒီဇင်ဘာ(၉)ရက် နေ့လည်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ၈၂လမ်း၊ ၁၆လမ်းနှင့် ၁၇ လမ်းကြားရှိ မောဃဂီရိရပ်ကွက်ရုံးတွင် အစောင့်ကျနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များ ဖြစ်သော Mandalay Phoenix Force –  MPF နှင့် Mandalay People Rescue - MPR တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MPF က ထုတ်ပြန်သည်။

“လက်ရှိ မုန့်ဟင်းခါး သုံးပွဲ။ တပ်ကြပ်ကြီး အဆင့်တစ်ယောက်ပါ။ ကျန်သူများ ရာထူး မသိရှိရသေး။ တစ်ယောက် ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်” ဟု MPF က ဆိုသည်။

အဆိုပါ စစ်ကောင်စီ လက်နက်ကိုင်များကို ဗုံးပစ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ဒေသခံ အရပ်သား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

"ပြည်သူ နှစ်ဦးကတော့ အမှိုက်ထွက်ပစ်ရင်း အစမှန်တာပါ။ မစိုးရိမ်ရပါဘူး။ ထိခိုက်ဒဏ်ရာ ရပါတယ်။ ဒီ့အတွက်လည်း MPF က တောင်းပန်ပါတယ်။ နေရာက ရပ်ကွက်ရုံးပါ" ဟု ၄င်းတို့က MFP သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးသလို စစ်ကောင်စီ လက်နက်ကိုင်များ သေဆုံးမှုနှင့် ပတ်သက်၍လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မန္တလေးမြို့၌ ယခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

ယနေ့ မနက်ပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကိုင်များ တပ်စွဲထားသော လွှတ်တော်ရုံး အဆောက်အဦးအနီးနှင့် ဥပုသ်တော်ရပ်ရှိ Non-CDM ကျောင်းဆရာမတစ်ဦး၏ နေအိမ်တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးများ တွေ့ရှိခဲ့သေးသည်။

Mandalay Free Press - MFP

မန္တလေးတွင် ရပ်ကွက်ရုံး တပ်စွဲထားသော စကစများကို ဗုံးပစ်တိုက်ခိုက်ရာ တပ်ကြပ် အပါအဝင် စကစ သုံးဦး သေဟုဆို မန္တလေးတွင် ရပ်ကွက်ရုံး တပ်စွဲထားသော စကစများကို ဗုံးပစ်တိုက်ခိုက်ရာ တပ်ကြပ် အပါအဝင် စကစ သုံးဦး သေဟုဆို Reviewed by THITHTOOLWIN on 17:58 Rating: 5

No comments:

Powered by Blogger.