တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်များပြား

တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း စံချိန်တင် များလာနေပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားတာနဲ့ အတူပဲ အာဏာပိုင်တို့ဘက်ကလည်း နယ်စပ်တွေကို ထိန်းချုပ်နိုင်ရေးနဲ့ လူတွေကြား အကွာအဝေးတခုခြားပြီး နေထိုင်ရေး စည်းကမ်းတင်းကျပ်ဖို့ အရေးတကြီး ဆောင်ရွက်နေကြပါတယ်။

ကူးစက်မှုအသစ် ၅,၃၅၂ ဦးရှိကြောင်း ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဌာနက စနေနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒီအရေအတွက်ဟာဆိုရင် ဒီသီတင်းပတ်အတွင်း ကူးစက်မှုအသစ် ၅,၀၀၀ ကျော်ကို တတိယအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၇၀ သေဆုံးခဲ့ရပြီးနောက် သေဆုံးမှု စုစုပေါင်းက ၃,၈၀၉ ဦးထိ ရောက်ရှိခဲ့သလို လူနာ ၇၅၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာဟာဆိုရင်လည်း မကြုံစဘူး အများဆုံး အရေအတွက် ဖြစ်ပါတယ်။

လက်ရှိ အိုမီခရွန်မျိုးကွဲ ကူးစက်ခံထားရသူ တချို့က နိုဝင်ဘာလ ၂၈ ရက်နေ့က လူပေါင်းရာချီ တက်ရောက်တဲ့ ခရစ်ယာန်ဘုရားကျောင်းပွဲကို တက်ရောက်ခဲ့ကြတာကြောင့် အိုမီခရွန် ကူးစက်မှုတွေ ထပ်ပြီး များလာနိုင်ကြောင်းလည်း အာဏာပိုင်တို့က ပြောပါတယ်။

လူနေထူထပ်တဲ့ ဆိုးလ်မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေမှာ လူမှုရေးအခမ်းအနားတွေ ကျင်းပတဲ့အခါ လူ ၇ ဦးထက်ပိုပြီး မစုဝေးကြဖို့လည်း ဒီသီတင်းပတ်ကစလို့ တားမြစ်မှာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်တွေအတွင်း တောင်ကိုရီးယားကို လာကြမယ့် ခရီးသွားအားလုံးလည်း အနည်းဆုံး ၁၀ ရက်ကြာ Quarantine သီးခြားခွဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယား အပါအဝင် အာဖရိက ၉ နိုင်ငံက ခရီးသည်တွေ တောင်ကိုရီးယားကို လာရောက်ခွင့်လည်း လတ်တလော တားမြစ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်များပြား တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်များပြား Reviewed by THITHTOOLWIN on 07:36 Rating: 5

No comments:

Powered by Blogger.