မန္တလေး စာသင်ကျောင်းအနီး စကစများကို တိုက်ခိုက်ခံရမှူ ဒဏ်ရာရသူ‌တွင် ဗိုလ်မှူးတစ်ဦး ပါဝင်


MFP ၊ ဒီဇင်ဘာ - ၈ 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လက်ရွေးရပ်ကွက်ရှိ အမှတ်(၁၈) အလကခွဲကျောင်းဘေး စကစအဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာကို ယနေ့နံနက်ပိုင်းက တိုက်ခိုက်မှုမှာ Generation Z Power ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(မန္တလေး)နှင့် Black Image (Mandalay) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

ယင်းတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

သေဆုံးသည်ဆိုသည့်အပေါ်  MFP အနေဖြင့်အတည်ပြုချက် မရနိုင်သေးသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦးမှာ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး ဘယ်ဘက်မျက်ခွံပေါ်သို့ မိုင်းစထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ 

အခြား ထိခိုက်သူနှစ်ဦးမှာ တပ်သားအဆင့်ရှိသူများဖြစ်ပြီး တံခေါက်ကွေး၊ လက်ဖျံ စသည်တို့တွင် မိုင်းစထိမှန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ 

ထိုပေါက်ကွဲမှုတွင် အနီးနားမှဖြတ်သွားသည့် ရဟန်းတစ်ပါးလည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး ယင်းအတွက် စိတ်မကောင်းဖြစ်ရကာ အနူးအညွတ် တောင်းပန်ကြောင်းလည်း GZP က ပြောဆိုသည်။ 

ပြည်သူများအနေဖြင့် စကစအဖွဲ့ဝင်များ တပ်စွဲထားသော နေရာအနီးတွင် သွားလာခြင်း မပြုလုပ်ကြရန်နှင့် ၎င်းတို့နှင့် ဝေးရာ မီတာ (၂၀) အကွာမှ သွားလာနေထိုင်ကြရန် GZP က ထပ်မံ သတိပေးထားသည်။ 

Mandalay Free Press - MFP





မန္တလေး စာသင်ကျောင်းအနီး စကစများကို တိုက်ခိုက်ခံရမှူ ဒဏ်ရာရသူ‌တွင် ဗိုလ်မှူးတစ်ဦး ပါဝင် မန္တလေး စာသင်ကျောင်းအနီး စကစများကို တိုက်ခိုက်ခံရမှူ ဒဏ်ရာရသူ‌တွင် ဗိုလ်မှူးတစ်ဦး ပါဝင် Reviewed by THITHTOOLWIN on 18:10 Rating: 5

No comments:

Powered by Blogger.