ပစ်ခတ်ဖြိုခွဲခံရတဲ့ ရန်ကုန်လူထုသပိတ် သေဆုံးသူ ၅ ဦးခန့်ရှိ


ဖြိုခွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရတယ်လို့ မျက်မြင်တချို့ပြော

သပိတ်စပြီး မိနစ်ပိုင်းမှာပဲ ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရတာလို့ ဆန္ဒပြပွဲမှာပါဝင်သူ တချို့က ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မနက်ပိုင်းမှာ ကားနဲ့တိုက်ပြီး ပစ်ခတ်ဖြိုခွဲခံရတဲ့ရန်ကုန်လူထုသပိတ်မှာ ကနဦးသတင်းတွေအရ သေဆုံးသူ ၅ ဦး၊ သေနတ်ထိမှန်သူ ၈ ဦးနဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးခန့်ရှိတယ်လို့ သပိတ်မှာပါဝင်သူတချို့နဲ့မျက်မြင်တချို့က ဘီဘီစီကို ပြောပါတယ်။

ပစ်ခတ်ဖြိုခွဲမှုဟာ ကြည့်မြင်တိုင်မြို့နယ်ထဲက ပန်းပင်ကြီးလမ်းမပေါ်မှာဖြစ်ခဲ့တာပါ။

သပိတ်မှာဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

သေဆုံးဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုမှာ လူငယ်တွေကို ဖမ်းဆီးဖို့ ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဟာလည်း ဖမ်းဆီးဖို့လုပ်ချိန် ကားပေါ်ကနေ ခုန်အဆင်းမှာ ကားနဲ့ချိတ်ပါသွားပြီး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ မျက်မြင်တွေ့သူကပြောပါတယ်။

''သူက လူငယ်တွေကို ဖမ်းဖို့ သူတို့ကားပေါ်ကနေ ခုန်ဆင်းတာ။ အဲဒီမှာ သူတို့ကားနဲ့ပဲ ချိတ်ပါသွားပြီးတော့ လူနဲ့သေနတ်တခြားစီဖြစ်တဲ့အထိဖြစ်သွားတယ်။ သူလည်း တော်တော်ဒဏ်ရာရတယ်''လို့ မနက်ခင်းတုန်းက အခြေအနေကိုမြင်တွေ့ခဲ့ရသူတစ်ဦးကပြောပါတယ်။

လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ရုပ်သံတွေမှာတော့ ပန်းပင်ကြီးလမ်းက ဆန္ဒပြသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့အနောက်ကနေ ဝင်တိုက်ခဲ့တာကိုတွေ့ရပါတယ်။

လက်ရှိမှာလည်း အခင်းဖြစ်တဲ့နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးတာတွေရှိနေပါတယ်။

ဒီနေ့တစ်နေ့တည်းမှာပဲ ရန်ကုန်မြို့က လှိုင်မြို့နယ်ထဲမှာ နောက်ထပ် ပြောက်ကျားသပိတ်တစ်ခုလည်း ပြုလုပ်ခဲ့တာရှိပေမဲ့ ပန်းပင်ကြီးလမ်းသပိတ်ကတော့ စစ်ကောင်စီရဲ့ဖြိုခွင်းတာခံခဲ့ရတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ သပိတ်တွေပြန်လည်အားကောင်းလာသလို စစ်ကောင်စီဘက်ကလည်း သပိတ်လမ်းကြောင်းတစ်လျှောက်ကို ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်နေတာတွေ့ရပါတယ်။

BBC Burmese


ပစ်ခတ်ဖြိုခွဲခံရတဲ့ ရန်ကုန်လူထုသပိတ် သေဆုံးသူ ၅ ဦးခန့်ရှိ ပစ်ခတ်ဖြိုခွဲခံရတဲ့ ရန်ကုန်လူထုသပိတ် သေဆုံးသူ ၅ ဦးခန့်ရှိ Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.