မုံရွာ ကန်သာယာထိပ်တွင် ဗုံးသုံးလုံး ဖောက်ခွဲ တိုက်ခိုက်မှု စကစ နှစ်ဦးသေ

မုံရွာမြို့ ကန်သာယာအနီးရှိ စျေးဆိုင်များ 

ယနေ့ည မုံရွာမြို့၌ ပစ်ခတ်သံများ ကြားနေရ၊

MFP ၊ ဒီဇင်ဘာ - ၂၉

စစ်ကိုင်းတိုင်း မုံရွာမြို့ ကန်သာယာထိပ်တွင် ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ(၂၉)ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကန်သာယာမြောက်ဘက် ပြည်ထောင်စုလမ်းထိပ်၌ စုဝေးနေသော စကစ လက်နက်ကိုင် (၂၀)ခန့်ကို လက်လုပ်ဗုံး သုံးလုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

“နေ့လည်က မုန့်ဟင်ခါး နှစ်ပွဲ ရရှိပါတယ်ဗျ။ ထိခိုက်ဒဏ်ရာရမူများလည်း ရှိပါတယ်” ဟု Monywa Nightking ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မုံရွာမြို့ ကန်သာယာမြောက်ဘက် ပြည်ထောင်စုလမ်းထိပ်၌ စကစများ စုဝေးကာ လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ မောင်းနှင်လာသူအချို့ကို စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်လေ့ရှိသော နေရာဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

မုံရွာမြို့၌ စစ်ကောင်စီက ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းနှင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသလို ပြောက်ကျားတပ်ဖွဲ့များကလည်း စကစများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

လက်ရှိတွင်လည်း မုံရွာမြို့ပေါ်၌ ပစ်ခတ်သံများ ကြားနေရပြီး ရန်ကင်းရပ်ကွက်၌ ည(၁၀)နာရီဝန်းကျင်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု မြို့ခံများက ပြောသည်။

မုံရွာမြို့ခံများ အနေဖြင့် ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အရေးကြီးကိစ္စမှ လွဲ၍ အပြင်ထွက် သွားလာခြင်းများ မပြုလုပ်ဘဲ နေအိမ်၌သာ နေထိုင်ကြပါရန် မုံရွာ မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေးထားသည်။

Mandalay Free Press - MFP

မုံရွာ ကန်သာယာထိပ်တွင် ဗုံးသုံးလုံး ဖောက်ခွဲ တိုက်ခိုက်မှု စကစ နှစ်ဦးသေ မုံရွာ ကန်သာယာထိပ်တွင် ဗုံးသုံးလုံး ဖောက်ခွဲ တိုက်ခိုက်မှု စကစ နှစ်ဦးသေ Reviewed by THITHTOOLWIN on 08:39 Rating: 5

No comments:

Powered by Blogger.