ပြည်မြို့ အမှတ်(၁) ရဲစခန်းအား PUGF အဖွဲ့(၃)က ဗုံးခွဲတိုက်ခိုက်၊ လူနေအိမ်များရှိနေ၍ ပေါက်ကွဲမှုပြင်းအားကို လျော့ချထား


ပြည်၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတံချောင်းလမ်းမပေါ်ရှိ အမှတ်(၁) ရဲစခန်းအား PUGF အဖွဲ့(၃) က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

ယင်းဖောက်ခွဲမှုအား နိုဝင်ဘာလ ၁၁ ရက်နေ့ည (၆) နာရီခွဲခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှုကို သိရခြင်းမရှိသေးကြောင်း သိရသည်။

“တော်တော်ကျယ်တယ် ရဲစခန်းထဲလည်းမဟုတ်ဘူး။ သူ့အရှေ့လမ်းမလည်းမဟုတ်ဘူး ဘေးက ဝက်တိုးဘုရားလမ်းနားက ရဲဝန်ထမ်းအိမ်ယာနားမှာ ပေါက်ကွဲတာလို့ သိရတယ်။ အဲနားကခြုံတွေလည်းရှိတော့ ပစ်ထည့်သွားပုံရတယ်။ ထိခိုက်ပျက်စီး လူဒဏ်ရာရတာတော့ မကြားမိဘူး။” ဟု အဆိုပါရဲစခန်းအနီး နေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါရဲစခန်းမှာ ပြည်မြို့၏အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ရွှေတံချောင်းလမ်းကြီးပေါ်တွင်ရှိကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့်လည်း မလှမ်းမကမ်းတွင်ရှိပြီး လူနေရပ်ကွက်နှင့်ကပ်လျှက်တွင်ရှိနေခြင်းကြောင့် ပေါက်ကွဲမှုပြင်းအားကိုလျော့ချခဲ့ကြောင်း အဖွဲ့သားများအားလုံးအောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း PUGF အဖွဲ့(၃)က ထုတ်ပြန်ထားသည်။

“အဲဒီပေါက်ကွဲမှုဖြစ်ပြီး ည ဆယ်နာရီထိုးတဲ့အထိ ကျနော်တို့မြို့အပြင်ကို ထွက်ခွင့်မပေးဘူး ကျနော်တို့က ပြည်မြို့အပြင်ဘက်ရွာတွေကိုပြန်ရတာ မြို့ထဲမှာတင် ပိတ်ထားတာ စစ်လိုက်တာလည်း မြို့အနှံ့ပဲ” ဟု ပြည်မြို့နယ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ခင်းတွင်လည်း ပြည်မြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းများတွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်နေကြောင်း မြို့ခံများကပြောသည်။


မြေလတ်အသံ - Myaelatt Athan 


ပြည်မြို့ အမှတ်(၁) ရဲစခန်းအား PUGF အဖွဲ့(၃)က ဗုံးခွဲတိုက်ခိုက်၊ လူနေအိမ်များရှိနေ၍ ပေါက်ကွဲမှုပြင်းအားကို လျော့ချထား ပြည်မြို့ အမှတ်(၁) ရဲစခန်းအား PUGF အဖွဲ့(၃)က ဗုံးခွဲတိုက်ခိုက်၊ လူနေအိမ်များရှိနေ၍ ပေါက်ကွဲမှုပြင်းအားကို လျော့ချထား Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.