အစီး(၃၀)ကျော်ပါ စကစ ရိက္ခာယာဉ်တန်းကို ထီးချိုင့် PDF က ဖောက်ခွဲတိုက်ခိုက်၊ ငါးစီးခန့် ထိခိုက်မှုရှိပြီး စကစများ အသေများနိုင်ဟုဆို

MFP ၊ နိုဝင်ဘာ - ၂၈

မန္တလေးဘက်မှ ကချင်ပြည်နယ် မိုးညှင်းဘက်သို့ တက်လာသော စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်း အစီး(၃၀)ကျော်ကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF က ယနေ့ ညနေပိုင်းတွင် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစကား ငါးစီးထက်မနည်း မိုင်းထိကြောင်း ထီးချိုင့်ဒေသ တော်လှန်ရေးအင်အားစု တစ်ခုဖြစ်သော Tigyaing Revolution – TR က ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ(၂၈)ရက် ညနေ(၄)နာရီကျော်အချိန်က မန္တလေး -ဗန်းမော် ဗျူဟာလမ်းအတိုင်း မန္တလေးဘက်မှ တက်လာသော စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်းကို ထီးချိုင့်မြို့ နှင့် ကျောက်အိုက်ကြား နေရာ လေးနေရာတွင် မိုင်း(၁၀)လုံးခွဲ၍ ထီးချိုင့် HPDF က တိုက်ခိုက်ခဲ့သည်ဟု Tigyaing Revolution – TR အဖွဲ့က ဆိုသည်။

"ငါးစီးထက်မနည်း ထိသွားတယ်။ စကစတပ်ဘက်က အထိအခိုက် သေဆုံးတော့ အတိအကျ မသိရသေးဘူး။ လူနာတင်ယာဉ်တွေတော့ သွားနေတယ်။ လာကြိုတဲ့ကား နှစ်စီးကတော့ မိုးညှင်းတပ်ကပါ" ဟု Tigyaing Revolution – TR အဖွဲ့က MFP သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်းကို ထီးချိုင့်မြို့နှင့် ကျောက်အိုက်ကြားတွင် နေရာ လေးနေရာ ခွဲ၍ ပဒေသာမိုင်း၊ ရှေ့ထွက်မိုင်းများဖြင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိထိမိမိ ထိခိုက်မှုများ ရှိပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြား နိုင်ကြောင်း Tigyaing Revolution – TR အဖွဲ့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် ထိခိုက်ပျက်စီးမှု အခြေအနေများ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော စစ်ကောင်စီ လက်နက်ကိုင်များကို ထီးချိုင့် HPDF က ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

Mandalay Free Press - MFP

အစီး(၃၀)ကျော်ပါ စကစ ရိက္ခာယာဉ်တန်းကို ထီးချိုင့် PDF က ဖောက်ခွဲတိုက်ခိုက်၊ ငါးစီးခန့် ထိခိုက်မှုရှိပြီး စကစများ အသေများနိုင်ဟုဆို အစီး(၃၀)ကျော်ပါ စကစ ရိက္ခာယာဉ်တန်းကို ထီးချိုင့် PDF က ဖောက်ခွဲတိုက်ခိုက်၊ ငါးစီးခန့် ထိခိုက်မှုရှိပြီး စကစများ အသေများနိုင်ဟုဆို Reviewed by THITHTOOLWIN on 05:26 Rating: 5

No comments:

Powered by Blogger.