အဖမ်းခံထားရတဲ့ ကလေး PDF အမျိုးသမီး ကိုးဦး ကလေးထောင်ရောက် မိသားစုနဲ့ တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံထားရတဲ့ ကလေး PDF တပ်ရင်း (၃) က ချင်းအမျိုးသမီး ကိုးဦးစလုံး ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားပြီး မိသားစုဝင်တွေတော့ တွေ့ခွင့်မရသေးဘူးလို့ ကလေး PDF က ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က ခြောက်ဦးနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က သုံးဦး ကလေးမြို့အကျဉ်းထောင်ကို ရောက်သွားပြီလို့ ကလေး PDF တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ကလေးအကျဉ်းထောင်ထဲကို သူတို့အတွက် လိုအပ်တဲ့အသုံးအဆောင်တွေ ပို့လို့ရပေမယ့် မိသားစုဝင်တွေနဲ့ လူချင်းတော့ တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။

သူတို့ဟာ အသက် ၂၁ နှစ်နဲ့ ၁၇ နှစ်အကြား အရွယ်တွေဖြစ်ပြီး အများစုဟာ တက္ကသိုလ် ကျောင်းသူတွေဖြစ်ကြပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF တပ်ရင်း ၃ စခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာခံရပြီး သူတို့ ကိုးဦးလုံး အဖမ်းခံလိုက်ရတာပါ။

စစ်တပ်က အာဏာသိမ်းတာကို မကြိုက်လို့ ပြီးခဲ့တဲ့ သြဂုတ်နဲ့ နိုဝင်ဘာလတွေက ကလေး PDF တပ်ရင်း (၃) မှာ ဆေးတပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်နေကြတာလို့ ကလေး PDF တပ်ဖွ့ဲဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ သေဆုံးသူ ၆၅ ယောက်ကျော်ရှိပြီး အဖမ်းခံထားရသူ ၃၆၀ ကျော် ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese


အဖမ်းခံထားရတဲ့ ကလေး PDF အမျိုးသမီး ကိုးဦး ကလေးထောင်ရောက် မိသားစုနဲ့ တွေ့ခွင့်မရ အဖမ်းခံထားရတဲ့ ကလေး PDF အမျိုးသမီး ကိုးဦး ကလေးထောင်ရောက် မိသားစုနဲ့ တွေ့ခွင့်မရ Reviewed by THITHTOOLWIN on 17:29 Rating: 5

No comments:

Powered by Blogger.