ဝက်လက်နယ် PDFစခန်းငယ် ဝင်စီးခံရစဉ် စကစကို သတင်းပေးလမ်းပြခဲ့သည်ဆိုသော လင်မယား အသတ်ခံရ


နိုဝင်ဘာ - ၂၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ထုံးဘိုရွာအနီးရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီ လက်နက်ကိုင်များက စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တွင် စစ်အုပ်စုကို သတင်းပေးလမ်းပြလုပ်ခဲ့သည်ဟု စွပ်စွဲခံရသော ထုံးဘိုရွာမှ လင်မယားနှစ်ဦး နိုဝင်ဘာ(၂၂)ရက် မနက်ပိုင်းက အသတ်ခံရကြောင်း ဝက်လက်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဝက်လက်မြို့နယ်၊ ရှားကွဲကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာနေ ဉီးမြင့်ရွှေနှင့် ဒေါ်အေးဆန်း တို့ လင်မယားသည် နိုဝင်ဘာ(၂၂)ရက် မနက်ပိုင်းက နေအိမ်အတွင်း ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

"သေနတ်နဲ့ လင်မယားနှစ်ယောက်လုံးကို ဝင်ပစ်သွားတာပါ"ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ လင်မယားကို ၄င်းတို့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း ဒလန်ရှင်းလင်းရေးအဖွဲ့ ဖြစ်သော ဖောင်းဒိုင်း ဖောင်းဒိုင်း - ဝက်လက် အဖွဲ့က ထုတ်ပြန်သည်။

"ကာကွယ်ရေး စခန်းငယ်ကို စစ်တပ်ဝင်စီးတုန်းက သူတိုက လမ်းပြတာပါ။ လင်မယားနှစ်ယောက်စလုံး တပ်သတင်းပေးပါ" ဟု ဖောင်းဒိုင်း ဖောင်းဒိုင်း - ဝက်လက် အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

နိုဝင်ဘာ(၁၃)ရက် မနက်ပိုင်းက ဝက်လက်မြို့နယ် ထုံးဘိုရွာအနီး ဘိုးနတ်ကုန်းတောင်ပေါ်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီ လက်နက်ကိုင်များက ဆိုင်ကယ် အစီး (၂၀)ကျော်ဖြင့် စီးနင်းဝင်ရောက် မွှေနှောက်ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ PDF စခန်း စီးနင်းခံရမှုဖြစ်စဉ်တွင် PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိသော်လည်း စစ်ကောင်စီ လက်နက်ကိုင်များက အနီးအနားရှိ ကျေးရွာများသို့ စီးနင်းဝင်ရောက် မွှေနှောက်သောင်းကြမ်းကာ ဆိုင်ကယ်နှင့် တန်ဘိုးကြီး ပစ္စည်းများ လုယက်ခြင်း၊ ဒေသခံအရပ်သာ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ပြီး ရွာသား နှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝက်လက်ဒေသခံများက ပြောသည်။


Mandalay Free Press - MFP

ဝက်လက်နယ် PDFစခန်းငယ် ဝင်စီးခံရစဉ် စကစကို သတင်းပေးလမ်းပြခဲ့သည်ဆိုသော လင်မယား အသတ်ခံရ ဝက်လက်နယ် PDFစခန်းငယ် ဝင်စီးခံရစဉ် စကစကို သတင်းပေးလမ်းပြခဲ့သည်ဆိုသော လင်မယား အသတ်ခံရ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.