ကျောက်မဲမြို့နယ်အတွင်း PDF များ မဝင်လာစေရန် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို လက်နက်တပ်ပေးပြီး စောင့်ကြပ်ခိုင်းထား


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများကို အာဏာသိမ်းအဖွဲ့က လက်နက်တပ်ဆင်ပေးပြီး မြို့စွန်မြို့ဖျားနေရာများတွင် နေရာချထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များ ဝင်မလာစေရေးအတွက် စောင့်ကြပ်ခိုင်းထားကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က အဆိုပါအစီအစဉ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့ကတည်းက ကျောက်မဲမြို့နယ်အတွင်း စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ဗဟိုဈေးနားမှာ ဆိုင်ကယ်အပ်တဲ့နေရာစောင့်တဲ့ စစ်မှုထမ်းဟောင်းတွေကို သေနတ်တွေပေးကိုင်ပြီး စောင့်ခိုင်းထားတာ။ တန်ဆောင်မုန်းလပြည့်နေကဆို လူသွားလူလာများတဲ့ ရွှေနတ်တောင်လို နေရာတွေမှာ အရပ်ဝတ်နဲ့ သေနတ်နဲ့စောင့်နေကြတာ သိရတယ်။ ဘုရားသွားတော့ မြင်ခဲ့ရတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်မဲဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များ ဝင်ရောက်လာမည်ဟု စစ်ကောင်စီ၏ သတင်းပေးများက သတင်းပေးထားသည့်အတွက် ကျောက်မဲတွင်ရှိသော စစ်မှုထမ်းဟောင်းများမှ ကိုယ်လက်အင်္ဂါစုံသူများကို လက်နက်တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲ-မိုင်းငေါ့ သွားလမ်းနံဘေးရှိ အာဏာသိမ်း စစ်ကောင်စီ၏ စကခ၊ ဆေးတပ်၊ မွေးမြူရေးတပ် စသည့် စစ်တပ်များရှိရာ နေရာအနီးမှ ကျောက်မဲမြို့တစ်မြို့လုံးကို မြင်တွေ့ရနိုင်သည့် “ရွှေနတ်တောင် - ( ဘုန်းကြီးကျောင်း )” ပေါ်တွင် အဆိုပါစစ်မှုထမ်းဟောင်းများကို အရပ်ဝတ်ဖြင့် မြင်တွေ့နေရခြင်းဖြစ်ပြီး ကျောက်မဲ-မိုးကုတ် သွားလမ်း ရှိ စစ်ဆေးရေးဂိတ်အဟောင်းတွင်လည်း အခြား စစ်သားများနှင့်အတူ မြင်တွေ့ရသည်ဟု ဒေသခံတို့က ပြောသည်။


Tachileik News Agency 

ကျောက်မဲမြို့နယ်အတွင်း PDF များ မဝင်လာစေရန် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို လက်နက်တပ်ပေးပြီး စောင့်ကြပ်ခိုင်းထား ကျောက်မဲမြို့နယ်အတွင်း PDF များ မဝင်လာစေရန် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို လက်နက်တပ်ပေးပြီး စောင့်ကြပ်ခိုင်းထား Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.