ခင်ဦးနယ် ရွာသစ်ကုန်းရွာရှိ ပျူများကို PDF က ဝင်တိုက်


MFP ၊ နိုဝင်ဘာ - ၂၅ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ ပျူများကို PDF တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ရွာသစ်ကုန်းကျေးရွာတွင် စစ်ကောင်စီလက်နက်ကိုင်များက အောက်တိုဘာလနှောင်းပိုင်းကတည်းက စတင်ကာ တစ်လကျော်ကြာ တပ်စွဲခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ (၂၄) ရက်က ပြန်လည်ထွက်ခွာသွားရာ ကျန်ရှိခဲ့သော ပျူများကို ယနေ့ နိုဝင်ဘာ (၂၅၀ ရက်တွင် PDF တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ 

" စစ်ကောင်စီတွေက မနေ့က အရှေ့တကွဲ အနောက်တစ်ကွဲ ပြန်ထွက်သွားကြပြီ။ ပျူတွေရဲ့ မိန်းမတွေ ဘာတွေရော ခွက်တွေဘာတွေ ကလေးကအစ အကုန်လုံးခေါ်သွားတာ။ အဲထဲမှာ လေးငါးဆယ်ယောက် ကျန်ရစ်တာလို့ သိရတာ။ အဲဒီ လေးငါးဆယ်ယောက်ကို PDF အဖွဲ့က ဝင်တိုက်တယ်လို့ သိရတာပဲ " ဟု ဒေသခံတစ်ဦးက ပြောသည်။

 ရွာအပြင်မှ လှမ်းကြည့်ရာတွင် ရွာထဲတွင် မီးလောင်နေသည်ကို တွေ့ရှိရပြီး မည်သည့်အရာများကို မီးရှို့ဖျက်ဆီးနေကြောင်းကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောကြသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင်များ၏ စီးနင်းသောင်းကြမ်းမှုကြောင့် ရွာခြောက်ရွာခန့်မှာ တစ်လကျော်ကြာသည်အထိ ရွာထဲသို့ ပြန်မဝင်နိုင်ကြသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်များသည် ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြိမ်ကြိမ် စီးနင်းဝင်ရောက်မှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အဖိုးတန် ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

Mandalay Free Press - MFP

ခင်ဦးနယ် ရွာသစ်ကုန်းရွာရှိ ပျူများကို PDF က ဝင်တိုက် ခင်ဦးနယ် ရွာသစ်ကုန်းရွာရှိ ပျူများကို PDF က ဝင်တိုက် Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.