ဥရောပနိုင်ငံတချို့မှာ Omicron ကိုဗစ်ပိုးသစ် တွေ့ရှိ

Omicron ကိုဗစ်ပိုးသစ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson. (နိုဝင်ဘာ ၂၇၊ ၂၀၂၁)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိုးရိမ်ရတဲ့အဆင့် သတ်မှတ်ထားတဲ့ Omicron ကိုဗစ်ရောဂါပိုးသစ် ကူးစက်မှုတွေကို ဥရောပနိုင်ငံတချို့မှာ တွေ့ရှိရတာကြောင့် ကန့်သတ်ချက်တွေ ထုတ်ပြန်နေကြပါတယ်။ ဗြိတိန်၊ ဂျာမနီ၊ အီတလီနဲ့ နယ်သာလန် နိုင်ငံတွေမှာ ရောဂါပိုးသစ် ကူးစက်သူတချို့ တွေ့ခဲ့ရပြီးနောက် စနေနေ့မှာပဲ ခရီးသွားတွေကို ကန့်သတ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

“ကမ္ဘာတလွှားက ရောက်လာတဲ့သူတွေကို ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေ ပိုပြီး ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်လာပါပြီ။” လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ပြောသွားတာပါ။ ဗြိတိန်ကို ဝင်ရောက်လာသူတွေ ၂ ရက်အတွင်း ကိုဗစ်ပိုးရှိမရှိ စစ်ဆေးဖို့၊ ရောဂါပိုး ကင်းရှင်းကြောင်း အဖြေရတဲ့ အချိန်အထိ Quarantine သီးသန့်ခွဲ နေထိုင်ဖို့ အပါအဝင် ရောဂါထိန်းချုပ်ရေး ကန့်သတ်မှုတွေ လိုအပ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Omicron ပိုးသစ် ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်ဆံမိသူတွေ အနေနဲ့ ၁၀ ရက်ကြာ သီးသန့်ခွဲနေထိုင်ဖို့၊ နှာခေါင်းစည်းတပ်ဖို့ အပါအဝင် စည်းကမ်းတွေကို ပိုမိုတင်းကျပ်မှာ ဖြစ်ပေမယ့် စည်းကမ်းသစ်တွေကို သီတင်း ၃ ပတ်အကြာမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တောင်အာဖရိကကို ခရီးသွားခဲ့တဲ့သူ ၂ ဦးမှာ ကိုဗစ်ပိုးသစ် ကူးစက်မှု တွေ့ရှိခဲ့ရကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး Sajid Javid က ပြောဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ်က စည်းကမ်းသစ်ထုတ်မယ့် အစီအစဉ်တွေကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ဂျာမနီနိုင်ငံမှာ Omicron ပိုးသစ် ကူးစက်သူ အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး အီတလီနဲ့ ချက်သမ္မတနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ တွေ့ရှိထားတာပါ။

တောင်အာဖရိကကနေ Amsterdam မြို့ကို လေကြောင်းက ရောက်လာတဲ့ ခရီးသည် ၆၀၀ မှာ ၆၁ ယောက် ရောဂါပိုးသစ် ကူးစက်နေတာ တွေ့ရကြောင်းလည်း နယ်သာလန်အစိုးရက စနေနေ့မှာပဲ အတည်ပြုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဥရောပနိုင်ငံတချို့မှာ Omicron ကိုဗစ်ပိုးသစ် တွေ့ရှိ ဥရောပနိုင်ငံတချို့မှာ Omicron ကိုဗစ်ပိုးသစ် တွေ့ရှိ Reviewed by THITHTOOLWIN on 09:45 Rating: 5

No comments:

Powered by Blogger.