NUG ရဲ့ ငွေတိုက်စာချုပ် အားပေးဝယ်ယူသူများပြား


NUG အစိုးရ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက "အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြစို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနေ့က စတင်ရောင်းချတဲ့ အမေရိကန်ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန်ငွေတိုက်စာချုပ်တွေကို နိုင်ငံတကာရောက် မြန်မာတွေ အလုအယက် ဝယ်ယူနေကြရာမှာ ရောင်းချချိန် ၃ နာရီခွဲအတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းချခဲ့ရတယ်လို့ NUG အစိုးရဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာဆာဆာက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြလိုက်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ဒေါ်လာ ၁ဝဝဝ တန်နဲ့ ၅ဝဝဝ တန်တွေအတွက် စင်္ကာပူနဲ့ ဒေါ်လာ ၁ဝဝ နဲ့ ၅ဝဝ တန်တွေအတွက် ချက်သမ္မတနိုင်ငံမှာရှိတဲ့ ဘဏ်တွေကို ကျသင့်ငွေတွေ လွှဲပြောင်းပေးပို့ရတယ်လို့ သိရှိရပါတယ်။ 

ဒေါ်လာ ၅ဝဝဝ တန်စာချုပ်တစ်ခု စမ်းသပ်ဝယ်ယူခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ဒေါက်တာနန္ဒာမင်းဆွေ က သူစာချုပ်ဝယ်ခဲ့ပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။ သူကတော့ Wise ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို သုံးခဲ့ရာမှာ ငွေလွှဲခအဖြစ် ဒေါ်လာ ၅ဝဝဝ အတွက် ဒေါ်လာ ၃ဝ နဲ့ ၉၄ ဆင့် ပေးခဲ့ရတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဝယ်ယူသူတွေအနေနဲ့ မိမိတို့ရဲ့ Order ID ကို ဖြည့်ဖို့မမေ့ကြပါနဲ့လို့လည်း သူက သတိပေးပါတယ်။ တောင်ကိုရီးယားနိုင်ငံကနေ ဒေါ်လာ ၁ဝဝ တန်ကို စမ်းသပ်ဝယ်ယူခဲ့တဲ့ မနှင်းဝတ်ရည်ရဲ့ အတွေ့အကြုံကကော ဘယ်လိုရှိပါသလဲ။

“NUG ကပြန်ပို့လာတဲ့အထဲမှာ contact number မပါတော့ ဘဏ်အချင်းချင်းလွှဲရတာ ဖောင်ဖြည့်မရဘူး။ အဲဒါနဲ့ Western Union ကလွှဲလိုက်တော့ အဲဒီနံပါတ် မလိုဘူးပေါ့။ ဒေါ်လာ ၁ဝဝ ကို ဝန်ဆောင်ခ ၃ ဒေါ်လာပဲ ကောက်ပါတယ်။”

အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်ကို ရောက်ရှိနေတဲ့ ပန်းချီဆရာမ ချောအိသိမ်းကတော့ အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် နည်းလမ်းအားလုံးသုံးမယ်လို့ သူဝယ်တဲ့စာချုပ်အတွက်  ငွေသွင်းဖို့ ဘဏ်ကိုသွားနေရင်းကနေ RFA ကို အခုလိုပြောပါတယ်။

“အာဏာရှင်စနစ်ကို ဘယ်လိုအမြစ်ဖြတ်မလဲ ဒါပဲ နေ့တိုင်းတွေးနေတယ်။ မိုးလင်းလည်းအဲဒီစိတ်ပဲ၊ အိပ်လည်း အဲဒီစိတ်ပဲ။ အခု Bond ပေါ်လာတဲ့အခါ ဘာလို့ မဝယ်ရမလဲ၊ သေချာတာပေ့ါ၊ ကျမတို့ အစိုးရကို လိုအပ်နေချိန်မှာ ကျမတို့ ထောက်ပံ့ရမှာပေါ့။ ကျမတို့ ဒီပွဲက နိုင်မှဖြစ်မယ်။ ကျမတို့ ပြည်သူပြည်သားတွေ လှူနိုင်တဲ့သူတွေ ဒီစာချုပ်တွေကိုဝယ်ပြီး ကျမတို့ အစိုးရကို ထောက်ပံ့ပေးကြပါ”

ဂျပန်နိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ကိုမိုးကြီးကတော့ သူတို့ဂျပန်ကငွေလွှဲဖို့ ပိုမိုကောင်းမွန်တဲ့နည်းလမ်းကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ သူတို့ ဂျပန်မှာ ဒေါ်လာတစ်သောင်းဖိုးအထိ ဝယ်သူရှိတယ်လို့လည်း ဆိုပါတယ်။

ရွှေဘိုနယ်သားတစ်ယောက်ကတော့ မြန်မာပြည်တွင်းကနေ ငွေတိုက်စာချုပ်ဝယ်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။

“link ကနေဝင်ပြီး ID Code ကို ကျနော်တို့ယူပြီးပြီဗျ။ ဒေါ်လာသွင်းဖို့ပဲ ကျန်တော့တာဗျ။ အဲဒီဒေါ်လာကိုလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျနော်တို့ကလွှဲမှာပဲ။ ကျနော့်လို ဝယ်မယ့်သူတွေလည်း ပြည်တွင်းမှာ အများကြီးပဲဗျ။”

ကယ်လီဖိုးနီးယားပြည်နယ်က ကိုခင်မော် ကတော့ အများကြီးဝယ်ရမှာဖြစ်လို့ အေးအေးဆေးဆေးပါပဲတဲ့။

“ကျနော်လည်း ဝယ်မယ်။ တခြားနိုင်ငံတွေက သူငယ်ချင်းတွေအတွက်လည်း ဝယ်ပေးရမယ်။ ပိုက်ဆံတွေ ပို့ထားကြတယ်။ နောက်ပြီး ဒီမှာပဲ တချို့မဝယ်တတ်တဲ့ လူကြီးတွေအတွက်လည်း ဝယ်ပေးရမယ်။ ဖြေးဖြေးပေ့ါ။ တပတ်နှစ်ပတ်စောင့်ပြီးမှဝယ်မယ်။ အခုဝယ်သူတွေ သိပ်များနေလို့”

မနေ့က စတင်ရောင်းချတဲ့ NUG အစိုးရရဲ့ ငွေတိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး လတ်တလောရရှိတဲ့ တုံ့ပြန်ချက် တချို့ဖြစ်ပါတယ်။

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ) RFA Burmese 

NUG ရဲ့ ငွေတိုက်စာချုပ် အားပေးဝယ်ယူသူများပြား NUG ရဲ့ ငွေတိုက်စာချုပ် အားပေးဝယ်ယူသူများပြား Reviewed by THITHTOOLWIN on 07:55 Rating: 5

No comments:

Powered by Blogger.