ဘီးလင်းမှာ NLD ပါတီနဲ့ပတ်သက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာ



ဘီးလင်း၊ နိုဝင်ဘာ ၁၃

ဘီးလင်းမြို့နယ်မှာ NLD ပါတီနဲ့ပတ်သက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဘီလင်းမြို့ ကန်သာယာရပ်ကွက် ကျွန်းတောလမ်းမှာ နေထိုင်တဲ့ မြို့နယ် NLD ပါတီဥက္ကဌ ဦးကျော်မျိုးမင်း မိခင်ဖြစ်သူနေထိုင်တဲ့ အိမ်ခြံဝင်းအတွင်း လက်ပစ်ဗုံး ပစ်ခံရတယ်လို့ ဆိုပါတယ်။

"ဒီမနက် မြို့နယ်ပါတီဥက္ကဌ မိခင်နေတဲ့အိမ် ဗုံးပစ်ခံရတယ်။ ဗုံးက ဘယ်အချိန်ကတည်းက အပစ်ခံထားရလဲမသိဘူး။ မနက်ကျမှ သူ့အမေက တံမြက်စည်းလှည်းရင်းတွေ့လို့ ရဲကိုအကြောင်းကြားလိုက်လို့ သက်ဆိုင်တဲ့အဖွဲ့တွေက လာရှင်းသွားတာ။ ဒီလိုဘဲ NLD နဲ့ပတ်သက်သူတွေ မကြာခဏ ဗုံးပစ်ခံရတာတွေဖြစ်ခဲ့သေးတယ်။ ဗုံးပေါက်ကွဲတာတွေရှိသလို ပေါက်ကွဲမှုမဖြစ်ခဲ့တာတွေလည်းရှိတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဦးကျော်မျိုးမင်းရဲ့ မိခင်ဖြစ်သူက တံမြက်စည်းလှည်းချိန် တွေ့ရှိတာကြောင့် ရဲစခန်းကို အကြောင်းကြား ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာလည်းဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် NLD ပါတီရုံး ဗုံးထောက်ဖောက်ခွဲခံရတာကြောင့် ရုံးအဆောက်အဦးထိခိုက်ပျက်စီးခဲ့သလို အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းနဲ့လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာလည်း ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်ရှိ NLD ထောက်ခံအားပေးသူ ဦးတင်အေးနေအိမ်နဲ့ဗိုလ်ချုပ်လမ်းရှိ ဦးဝင်းအောင်နေအိမ်တို့ကို လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ဦးဝင်းအောင်နေအိမ်ကို ပစ်သွင်းခံရတဲ့ လက်ပစ်ဗုံးပေါက်ကွဲတာကြောင့်နေအိမ်ထိခိုက်ပျက်စီးကာ အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင်လအတွင်းမှာလည်း ဘီးလင်းမြို့ရှိ NLD အားပေးထောက်ခံသူရဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဗုံးပစ်သွင်းခံပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ဘီးလင်းမှာ NLD ပါတီနဲ့ပတ်သက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာ ဘီးလင်းမှာ NLD ပါတီနဲ့ပတ်သက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာ Reviewed by THITHTOOLWIN on 07:06 Rating: 5

No comments:

Powered by Blogger.