KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာ၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများနေ

နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေထဲတွင် ယခုလ နိုဝင်ဘာလမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတိုက်ပွဲများ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ 

စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များသည် ကေအဲန်ယူ မူတြော်ခရိုင်အတွင်း နယ်မြေထိန်းချုပ်စိုးမိုးရန်အတွက် တပ်အင်အားပိုမိုဖြည့်တင်းလားသဖြင့် နယ်မြေခံ KNLA တပ်ဖွဲ့နှင့် နေ့စဉ်ရက်ဆက် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်ကလည်း ယနေ့ နိုဝင်ဘာလ ၁၆ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။ 

ကေအဲန်ယူ-မူတြော်ခရိုင်၏ သတင်းထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) ၈ လက်အောက်ခံ ၊ ခမရ ၄၀၆ တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထော ကျေးရွာအုပ်စု၊ တောင်သုံးလုံး ဒေသအတွင်းသို့ ဝင်ရောက်လာရာတွင် KNLA တပ်ဖွဲ့နှင့် တစ်ရက်တည်း ရင်ဆိုင်တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ ၁၄ ဦးကျဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

၎င်းအပြင် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း ၎င်းမာထောဒေသ၌ပင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးကျဆုံးကာ၊ ၃၄ ဦးထပ်မံ ဒဏ်ရရှိခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြထားသည်။ 

ထို့အတူ နိုဝင်ဘာလ ၁၂ ရက်နေ့တစ်ရက်ထဲတွင်ပင် ဘောကျို့ထာ့တွင် KNLA တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့အကြား ရင်ဆိုင်ပွဲ တစ်ကြိမ်ထပ်မံဖြစ်ပွား စစ်ကောင်စီဘက်မှ ၄ ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။ 

နှစ်ရက်အတွင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် စုစုပေါင်း ၃၂ ဦးကျဆုံးပြီး ၅၆ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က ထုတ်ပြန်ထားသော်လည်း KNLA ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။ 

ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေဖြစ်သည့် ကမမောင်း-ဖာပွန်ကြား၊ မာထော၊ ဘောကျို့ထာ့ ၊ ခေါပုတ်စသည့်ဒေသများတွင် ယခုလနိုဝင်ဘာလဆန်းပိုင်းမှစ၍ ထောင်နှင့်ချီသော စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားလာသည့် ဒေသတွင်း တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်လျက်ရှိသည်ဟု သိရသည်။ 

Karen Information Center -KIC 

ပုံစာ-ဖာပွန်ဒေသအတွင်း ဝင်ရောက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ။ Photo_CJ


KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာ၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများနေ KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာ၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများနေ Reviewed by THITHTOOLWIN on 17:17 Rating: 5

No comments:

Powered by Blogger.