မန္တလေးမြို့တွင် အများပြည်သူပိုင်ပစ္စည်း ခိုးယူလုယက်နေသူများကို GRP အဖွဲ့က ရှင်းလင်းမည်ဟုဆို၊



မန္တလေး၊ နိုဝင်ဘာ ၂၀

မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီ လက်နက်ကိုင်များ ခြေချင်းလိမ်သည်အထိ ကင်းပတ် လှည့်လည်နေသော်လည်း ခိုးဆိုး လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် အဆိုပါ ခိုး၊ဆိုး၊လုနှိုက်များကို မလွှဲမရှောင်သာ ရှင်းလင်းတော့မည်ဟု GRP မြို့ပြပြောက်ကျားအဖွဲ့ (Guerrilla Rangers PDF) က ယနေ့ ထုတ်ပြန်သည်။

"ကျွန်တော်တို့ GRP သည် ၁၇.၁၀.၂၀၂၁ တွင် ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့သည်။ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် ရည်ရွယ်သည်။ ထိုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖြစ်သည်နှင့်အညီ စစ်ကောင်စီနင့်  လက်ပါးစေများအား တိုက်ခိုက်ချေမှုန်းမည့် အပြင် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်အား သောင်းကြမ်း ဒုက္ခပေးနေသော ခိုး၊ဆိုးလုနှိုက်များကိုလည်း မလွှဲမရှောင်သာ ရှင်းလင်းသွားမည်"ဟု GRP အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလပိုင်းအတွင်း မန္တလေးမြို့၌ ခိုးမှု၊ လုယက်မှု၊ ရိုက်နှက်လုယက်မှုများ  ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ မန္တလေးမြို့ မြို့သစ်ပိုင်းရှိ လူမှုကူညီရေးအသင်းတစ်သင်း၏ အဆိုအရ ၄င်းတို့အနေဖြင့် အောက်တိုဘာလက ဆိုင်ကယ်ရိုက်လုခံရသည့် ဖြစ်စဉ် (၃၀)ကျော်အထိ ကူညီပေးခဲ့ရကြောင်း MFP သို့ ပြောသည်။

"ယခုလက်ရှိတွင် နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ မန်းလေးမြို့ပေါ်တွင် လုယက်မှု၊ ခိုးမှု၊ လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ပေါများလာသည်ကို သိရှိရပါသည်။ သို့ဖြစ်ပါ၍ အများပြည်သူများအား ဒုက္ခပေးနေသော လုပ်ရပ်များ ရပ်တန်းက မရပ်လျှင် ခွင့်လွတ်မည် မဟုတ်ကြောင်း၊ ပစ်ခတ်ရှင်းလင်းသွားမည် ဖြစ်ကြောင်း အကြမ်းဖက် ခိုးဆိုးလုနှိုက်နေသူများအား အသိပေးအပ်သည်" ဟု GRP က ထုတ်ပြန်သည်။

GRP အဖွဲ့အနေဖြင့် ခိုးဆိုးလုယက်မှုများကို ဟန့်တားနိုင်ရန် ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်သော်လည်း မြို့ပြပြောက်ကျားအဖြစ် လှုပ်ရှားနေရသည့် ၄င်းတို့၏ အခြေအနေအရ ခိုးဆိုးလုယက်မှုများကို အမှန်တကယ် ကိုယ်တွယ်ရှင်းလင်းနိုင်ချေ နည်းပါးပြီး ဆက်လက်စောင့်ကြည့်ရမည်ဟု မန္တလေးမြို့ခံအချို့က သုံးသပ်သည်။


Yesagyo Township Info Committee

မန္တလေးမြို့တွင် အများပြည်သူပိုင်ပစ္စည်း ခိုးယူလုယက်နေသူများကို GRP အဖွဲ့က ရှင်းလင်းမည်ဟုဆို၊ မန္တလေးမြို့တွင် အများပြည်သူပိုင်ပစ္စည်း ခိုးယူလုယက်နေသူများကို GRP အဖွဲ့က ရှင်းလင်းမည်ဟုဆို၊ Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.