စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်အား DKBA ၏ ဗျူဟာမှူးတာဝန် ပေးအပ်


နိုဝင်ဘာ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ 

ပြီးခဲ့သည့်နှစ်က စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ယခင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ဗိုလ်မှူးကြီးဟောင်းစောဆန်းအောင်ကို လက်ရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ အခြေချစစ်ဗျူဟာ မှူးတာဝန်ကို ပေးအပ်ခဲ့ကြောင်း DKBA ဘက်က အတည်ပြု ပြောဆိုသည်။

၂၀၂၀ခုနှစ်၊ မတ်လ ၁၂ရက်နေ့က စစ်တပ်ထံ လက်နက်အလက် ၂၀ အပ်နှံကာ တပ်ဖွဲ့ဝင် ၁၃ဦးဖြင့် ပြန်လည်ဝင် ရောက်ခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်ကို ယခုလ ၂၄ရက်နေ့က ပြုလုပ်ခဲ့သည့် မြဝတီခရိုင်၊ ဆုံဆည်းမြိုင်အခြေစိုက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးခဲ့သည့် DKBA ၏ တပ်မှူးများ အစည်းအဝေးတွင် ယခုလို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

DKBA တာဝန်ရှိသူတစ်ဦးက “ဟုတ်ပါတယ်။ အဲ့ဒါက ပြီးခဲ့တဲ့ ၂၄ရက်နေ့၊ ၂၅ရက်နေ့က ပြုလုပ်တဲ့ ဒု-စစ်ဦးစီးချုပ်ကို ပြန်ရွေးချယ်တဲ့ အစည်းအဝေးမှာ တာဝန်ပေးလိုက်တာပေါ့။ ဗဟိုအခြေချ စစ်ဗျူဟာရဲ့ ဗျူဟာမှူးပေါ့။”ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့သည့် ၎င်းတို့၏ တပ်မှူးများ စည်းဝေးပွဲတွင် လစ်လပ်နေသော DKBA ဒုတိယ စစ်ဦးစီးချုပ်နေရာကို ယခင် တပ်မဟာမှူး တာဝန်ယူဖူးခဲ့သူ ဗိုလ်မှူးချုပ်စောတာခူးအား ပြန်လည်လွှဲပြောင်း တာဝန် ပေးအပ်ခဲ့သည်ဟုလည်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

၂၀၁၅ခုနှစ်က DKBA အနေဖြင့် NCA လက်မှတ်ရေးထိုးရေး ညှိနှိုင်းနေစဉ် ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့သည် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)၊ စစ်တပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဌာနချုပ်မှ ထုတ် ပယ်ခြင်းခံလိုက်ရပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး BGF၊ တပ်မတော်တို့နှင့် ၅နှစ်နီးပါး မကြာခဏ တိုက်ခိုက်မှုများရှိခဲ့သူဖြစ်သည်။

၂၀၁၆ နှင့် ၂၀၁၇ခုနှစ်တုန်းကလည်း ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့်တပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကိုးကန့်ဒေသတွင်း သွားရောက်နေထိုင်ခဲ့ပြီး ၂၀၁၇ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက် လာကာ မယ်သဝေါဒေသတွင် တပ်မတော်၊ BGF တို့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံအရပ်သား ၅၀၀၀ကျော်မှာ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။

အလားတူ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးနေရာတွင် ဒုစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစောစတီးလ်မှ ပြန်လည်လွှဲပြောင်းရယူခဲ့ပြီးနောက် စစ်ဦးစီးချုပ်ဖြစ်လာခဲ့ပြီး လစ်လပ်သွားသည့် ၎င်းနေ ရာတွင် ဗိုလ်မှူးချုပ်စောတာခူ့ကိုလည်းကောင်း၊ ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောဆန်းအောင်ကိုလည်းကောင်း ယမန် နေ့က ပြီးစီးခဲ့သည့် အစည်းအဝေး၌ အပြီးသတ် ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ / Karen Information Center -KIC 

စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်အား DKBA ၏ ဗျူဟာမှူးတာဝန် ပေးအပ်  စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်အား DKBA ၏ ဗျူဟာမှူးတာဝန် ပေးအပ် Reviewed by THITHTOOLWIN on 04:24 Rating: 5

No comments:

Powered by Blogger.