ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ


ကျိုက်ထို၊ နိုဝင်ဘာလ ၁၆

ကျိုက်ထိုမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေရာ ကျိုက်ထိုလူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက်နေ့က စပြီး ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်တာ ၊ ငွေကြေးထောက်ပံ့‌ နေတယ်ဆိုတဲ့ စွပ်စွဲ‌ချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျိုက်ထိုလူမှုကူညီရေးအသင်း ဥက္ကဌ ကိုစိုးသီဟနဲ့အသင်းဝင်အချို့ အပါအဝင် ကြက်ပိန်ဆိုတဲ့ ဒေသခံတစ်ဦးတို့ကို ထပ်မံဖမ်းဆီးသွားတာဖြစ်ပါတယ်။

"ဒီရက်ပိုင်း ပရဟိတအဖွဲ့ဝင်တွေနဲ့ဒေသခံ အချို့ကို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်လာတာတွေ့နေရတယ်။ ကိုသိန်းနိုင်တပည့် ကြက်ပိန်ဆိုတာရယ်။ ကျိုက်ထိုလူမှုကူညီရေးအဖွဲ့ဝင်အချို့လည်း အဖမ်းခံရတယ်။ သတင်းပေးတွေကြောင့်လား သူတို့ဖမ်းဆီးမိတဲ့သူတွေဆီက ထပ်ဆင့်သိရတာကြောင့်လားတော့မသိဘူး နေအိမ်အတိအကျနဲ့ရှာဖမ်းနေတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းရှောင်တခင်စစ်ဆေးတာတွေရှိနေသလို ဒေသခံအချို့နဲ့ NLD ပါတီဝင်အချို့ရဲ့ နာမည်စာရင်း အတိအကျနဲ့ နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးနေတာတွေရှိနေပါတယ်။


သတင်း-သံလွင်တိုင်းမ်


ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အပါအဝင် ဒေသခံ  ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.