ဖာပွန်တိုက်ပွဲမှာ စစ်‌ကောင်စီ တပ်ရင်းမှူး အပါအဝင် ၃၂ ဦး သေဆုံး


မော်လမြိုင်၊ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ နှစ်ရက်အတွင်း KNLA တပ်မဟာ ၅နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကြီး ခြောက်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် (၃၂) ဦး သေဆုံးသွားခဲ့ပြီး အယောက် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က စကခ ၈ လက်အောက်ခံ ခမရ(၄၀၆) စစ်ကောင်စီတပ်တွေဟာ ဖာပွန်ခရိုင် တောင်သုံးလုံးဒေသထဲကို ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅နဲ့ တစ်ရက်အတွင်း ရင်ဆိုင်တိုက်ပွဲကြီး ၅ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၄ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း ဖာပွန်ခရိုင် မထောဒေသမှာ ရင်ဆိုင်တိုက်ပွဲကြီးထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၄ ဦးသေဆုံးခဲ့ပြီး ၃၄ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲ့ဒီနေ့မွန်းလွဲပိုင်းမှာ ဖာပွန် ဘောကျို့ထမှာ ရင်ဆိုင်တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့သေးတာဖြစ်ပြီး ညနေပိုင်းမှာလည်း ခေါပုတ်ဒေသမှာ ရိက္ခာသယ်ယူပို့ဆောင်နေတဲ့ မြင်းလားတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြင်းအချို့သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ 

ဒီလ နိုဝင်ဘာလဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တို့ဟာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ ဒေသထဲကို နယ်မြေထိန်းချုပ်ဖို့အတွက် တပ်အင်အားတွေပိုမိုဖြည့်ဆည်းလာတာကြောင့် နယ်မြေခံ KNLA တပ်မဟာ ၅ နဲ့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားခဲ့တယ်လို့ ကေအဲန်ယူ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ် - Than Lwin Times 

ဖာပွန်တိုက်ပွဲမှာ စစ်‌ကောင်စီ တပ်ရင်းမှူး အပါအဝင် ၃၂ ဦး သေဆုံး ဖာပွန်တိုက်ပွဲမှာ စစ်‌ကောင်စီ တပ်ရင်းမှူး အပါအဝင် ၃၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 17:14 Rating: 5

No comments:

Powered by Blogger.