သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ


နိုဝင်ဘာ (၁၀)ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၉ နာရီ၌ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြာင်း စုံစမ်းသိရသည်။

ယနေ့ မနက် ၉ နာရီတွင် သိန္နီမြို့ရှိ စစ်ကောင်စီတပ် စကခ (၁၆)၊ ၆၉ ခြေလျင်တပ်ရင်း၊ ၃၂၃ ခြေမြန်တပ်ရင်း၊ ၂၄၀ ခြေလျင်တပ်ရင်းတို့အနီး၌ လက်နက်ကြီးဖြင့် ချောင်းပစ်သည့် အသံကြားရပြီး လက်နက်ကြီးကျည်စများလည်း တပ်ကိုကျော်ကာ ပြည်သူများ၏ ခြံထဲသို့ ကျရောက်ခဲ့ကြောင်း သိန္နီမြို့ခံ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်ဝန်းကျင်က တောတောင်တွေဖြစ်ထားတော့ သူတို့တပ် ချောင်းပစ်ခံရတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ လက်နက်ကျည်တွေက တပ်ထဲ မကျပဲ တပ်ကိုကျော်ပြီး ခြံတွေထဲ ကျတယ်။ တပ်ထဲကနေ ပြန်ပစ်တာလည်း ရှိတယ်။ လက်နက်ကြီးတွေနဲ့ နှစ်ဖက် ရမ်းပြီး ပစ်တယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးသံ ကြားရသဖြင့် တောင်ယာသွားသည့်သူ တစ်ချို့  စိုးရိမ်ထိတ်လန့်ပြီး နေအိမ်သို့ အမြန်ပြန်လာခဲ့ရကြောင်း သိန္နီဒေသခံ တောင်ယာလုပ်ကိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

“တပ်အနီးနားမှာ နေတဲ့ ရွာတွေကတော့ အသံအရမ်းကျယ်ပြီး စိုးရိမ်ထိတ်လန့်ကြတယ်လို့ ပြောတယ်။ တောထဲအလုပ်သွားတဲ့လူ တစ်ချို့  ပြန်လာကြတယ်။ နေရာကတော့ ဘယ်သူမှ အသေအချာ မသိဘူး။ သူတို့တပ်ထဲကနေ လှမ်းပစ်နေတာ။ သူတို့ဆီကိုလဲ သူများ လှမ်းပစ်တယ်လို့ ပြောတယ်။ ငြိမ်လိုက် ပစ်လိုက်နဲ့ပဲ” ဟု သိန္နီဒေသခံ တစ်ဦးက ပြောသည်။

သိန္နီမြို့နယ်သည် စစ်ကောင်စီလက်အောက်ခံတပ်ရင်း၊ မြောက်ပိုင်းတပ်ပေါင်းစု နှင့် MNDAA တို့ လှုပ်ရှားရာ နယ်မြေ ဖြစ်သည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.