မန္တလေး ကျောက်သမားများ ဝိုင်းအတွင်း မဝင်ဘဲ အပြင်ဘက်၌ အရောင်းအဝယ် လုပ်ပါက ပစ်သတ်မည်ဟု စကစ ခြိမ်းခြောက်

မန္တလေး ကျောက်ဝိုင်း (ပုံဟောင်း)/ Photo - CJ

နိုဝင်ဘာ -၃၀

မန္တလေးမြို့တွင် ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ် လုပ်ကိုင်သူများ အနေဖြင့် ကျောက်ဝိုင်းအတွင်း ဝင်ရောက်ကာ အရောင်းအဝယ် လုပ်ကိုင်ကြရန်နှင့် ထိုသို့ မဟုတ်ဘဲ ကျောက်ဝိုင်း အပြင်ဘက်တွင်သာ အရောင်းအဝယ် ဆက်လက် လုပ်ကိုင်နေမည် ဆိုပါက ပစ်သတ်မည်ဟု အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူများက MFP သို့ ပြောသည်။

ယနေ့ နိုဝင်ဘာ(၃၀)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်များနှင့် စစ်ကောင်စီ လက်အောက်ခံ မန္တလေး စည်ပင် ဝန်ထမ်းများက ကျောက်ဝိုင်းသို့ လာရောက်ကာ အထက်ပါအတိုင်း အော်ဟစ်ပြောဆို ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စစ်အုပ်စုက ခြိမ်းခြောက်ပြီးနောက် ကျောက်ဝိုင်းပတ်လည်တွင် လက်နက်ကိုင်အများအပြား အစောင့်ချထားရာ ကျောက်ဝိုင်း အပြင်ဘက်တွင် အရောင်းအဝယ် လုပ်ကိုင်နေသူများကြား လှုပ်ဠှုပ်ရှားရှား ဖြစ်ခဲ့ပြီး အချို့သည် အိမ်ပြန်ပြေးကြကြောင်း ဒေသခံများက MFP သို့ ပြောသည်။

"ဝိုင်းထဲ ဝင်လုပ်ဖို့ ပြောတယ်၊ တစ်နာရီ အချိန်ပေးမယ်။ တစ်နာရီကျော်လို့ အပြင်မှာ အရောင်းအဝယ် ဆက်လုပ်ရင် ပစ်မယ်လို့ ခြိမ်းခြောက်တာ။ အခုတော့ ဝိုင်းဘေးမှာ သူတို့ အင်အားအတော်များများ ချထားတယ်။ အခုတော့ ဝိုင်းနားဘယ်သူမှ မရှိတော့ဘူး။ ဒါကြောင့် ကျောက်ဝိုင်း ရုန့်ရင်းဆန်ခတ်ဖြစ်သွားတာ၊ ဝိုင်းထဲတော့ ဝင်လုပ်ကြမယ် မထင်ပါဘူး။ အခုတော့ အိမ်ပြန်‌ကုန်ကြပြီ" ဟု ဒေသခံ ကျောက်မျက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက MFP သို့ ပြောသည်။

ယနေ့ မနက်(၈)နာရီ ဝန်းကျင်မှ စတင်ကာ မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအနီးသို့ စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာပြီး ကျောက်ဝိုင်းအနီးဝန်းကျင် လမ်းမများပေါ်တွင် ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူများကို လူစုခွဲရန်၊ ကျောက်ဝိုင်းအတွင်း ဝင်ရောက်၍ အရောင်းအဝယ်လုပ်ရန်နှင့် ကျောက်ဝိုင်းပြင်ပတွင် အရောင်းအဝယ် ဆက်လက်ပြုလုပ်နေမည်ဆိုပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်နေသည်ဟု ဒေသခံ ကျောက်သမားများက ပြောသည်။

စစ်ကောင်စီက ဖိအားပေးသဖြင့် မန္တလေး ကျောက်ဝိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ နှစ်လနီးပါး ကြာမြင့်ပြီ ဖြစ်သော်လည် ဒေသခံများက ကျောက်ဝိုင်းအတွင်း ဝင်ရောက်၍ အရောင်းအဝယ် လုပ်ကိုင်ခြင်း မရှိပေ။ မန္တလေးမြို့ခံ ကျောက်သမားအများစုသည် ယခင် ကိုဗစ်ကာလ အရောင်းအဝယ် လုပ်ကိုင်ခဲ့သည့်အတိုင်း ကျောက်ဝိုင်းအပြင်ဘက်ရှိ လမ်းမများပေါ်တွင် ဆက်လက်အရောင်းအဝယ် လုပ်ကိုင်လျှက် ရှိသည်။

မန္တလေး မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ခေါ် ကျောက်ဝိုင်းကို စစ်ကောင်စီ လက်အောက်ခံ မန္တလေး စည်ပင်က စီမံခန့်ခွဲနေပြီး ကျောက်ဝိုင်းအတွင်း ဝင်ရောက်ကာ အရောင်းအဝယ် လုပ်ကိုင်သူများကို ဆိုင်ခန်းငှားရမ်းခ၊ ပျံကျစျေးဆိုင်ခန်းခ အပါအဝင် အခွန်အခများ စည်ပင်က ကောက်ခံသည်။

အာဏာသိမ်း စစ်ကောင်စီက ၄င်းတို့အတွက် အခွန်အခ ရရှိနိုင်သော မန္တလေးကျောက်ဝိုင်းကို အတင်းအကျပ် ပြန်လည်ဖွင့်လှစ်ကာ လူစည်ကားရန် ကြိုးစားနေခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် စစ်ကောင်စီက ဖွင့်လှစ်ထားသော ကျောက်ဝိုင်းအတွင်းသို့ ဝင်ရောက်၍ အရောင်းအဝယ် လုပ်ကိုင်ခြင်း မပြုကြရန် ဒေသခံ တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များကလည်း သတိပေးနေပြီး စစ်အာဏာသိမ်းပြီးနောက် မန္တလေးကျောက်ဝိုင်း ဝန်းကျင်တွင် ဗုံပေါက်ကွဲမှု ငါးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။

COVID-19 ရောဂါကြောင့် မန္တလေး ကျောက်ဝိုင်းကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ကာလရှည် ပိတ်ထားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက  ယခုနှစ် အောက်တိုဘာ(၁၂)ရက်မှ စတင်ကာ ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာထားသည်။

မန္တလေး ကျောက်ဝိုင်းသည် မဟာအောင်မြေမြို့နယ် ၈၇ လမ်း ၊ ၃၉ လမ်း နှင့် လမ်း ၄၀ ကြားတွင်တည်ရှိပြီး မြန်မာပြည်၏ အကြီးဆုံး ကျောက်မျက်စျေးဖြစ်ကာ ပုံမှန်အချိန်များ၌ မန္တလေး ကျောက်ဝိုင်းသို့ နေ့စဉ် လာရောက်၍ အရောင်းအဝယ် ပြုလုပ်သူ လူဦးရေသိန်းချီ ရှိသည်။


Mandalay Free Press - MFP

မန္တလေး ကျောက်သမားများ ဝိုင်းအတွင်း မဝင်ဘဲ အပြင်ဘက်၌ အရောင်းအဝယ် လုပ်ပါက ပစ်သတ်မည်ဟု စကစ ခြိမ်းခြောက် မန္တလေး ကျောက်သမားများ ဝိုင်းအတွင်း မဝင်ဘဲ အပြင်ဘက်၌ အရောင်းအဝယ် လုပ်ပါက ပစ်သတ်မည်ဟု စကစ ခြိမ်းခြောက် Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.