ပခုက္ကူလွှတ်တော်အမတ် ၃ ဦးရဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ်ကောင်စီချိပ်ပိတ်


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်အမတ်တွေရဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့နိုဝင်ဘာ၁၁ရက်နေ့ကစလို့ ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပခုက္ကူမြို့ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ဇင်နီနီဝင်း၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးပိုက်ကိုနဲ့ ဦးသက်ကြူတို့ရဲ့နေအိမ်တွေကို စစ်အင်အားအလုံးအရင်းနဲ့ဝင်ရောက်ချိပ်ပိတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

“သုံးယောက်လုံးကတော့ မြို့ရဲ့အချက်ချာကျတဲ့နေရာတွေပဲ။ လွှတ်တော်အမတ် ဇင်နီနီဝင်းအိမ်ကတော့ အမှတ် ၇ ရပ်ကွက်ဘောလုံးကွင်းနားပဲ၊ ဆိုင်ကတော့ထင်းတန်းလမ်းမှာ။ အိမ်ရောဆိုင်ရော ချိပ်ပိတ်သွားတာ။ ဆိုင်ကတော့ ပိတ်ထားတာကြာပါပြီ။ ဦးပိုက်ကိုကတော့ NLD ရုံးနားပဲနေတာ။ အကုန်ပိတ်သွားတာ၊ အိမ်မှာမနေတာလည်းကြာကြပါပြီ”လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ပြင်ဆင်ပြီးနောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝန်ကြီးဖြစ်သူတွေရဲ့နေအိမ်တွေနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်သှုတွေရဲ့နေအိမ်တွေကို ချိပ်ပိတ်တာ၊ NLD လွှတ်တော်အမတ်တွေရဲ့ နေအိမ်တွေကိုချိပ်ပိတ်တာတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်လာပါတယ်။

အခုနိုဝင်ဘာလထဲမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်ထဲက NLD အမတ် ၃ ဦးရဲ့နေအိမ်တွေကို ချိပ်ပိတ်ခဲ့သလို မကွေး၊ မင်းလှနဲ့ပွင့်ဖြုမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့နေအိမ်ကို ချိပ်ပိတ်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ပါတီဝင်တွေက ပြောဆိုထားပါတယ်။

BBC Burmese 

ပခုက္ကူလွှတ်တော်အမတ် ၃ ဦးရဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ်ကောင်စီချိပ်ပိတ် ပခုက္ကူလွှတ်တော်အမတ် ၃ ဦးရဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ်ကောင်စီချိပ်ပိတ် Reviewed by THITHTOOLWIN on 07:29 Rating: 5

No comments:

Powered by Blogger.